သုံးဖက်မြင် ဆက်သွယ်ရေးစက် အမေရိကန်ကုမ္ပဏီတစ်ခု တီထွင်

သုံးဖက်မြင် ဆက်သွယ်ရေးစက် အမေရိကန်ကုမ္ပဏီတစ်ခု တီထွင်

သြဂုတ် ၁၈

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း အချင်းချင်းကြား ဆက်သွယ်မှု နည်းလမ်းသစ်က လိုအပ်လာပါလိမ့်မည်။

ယခုတွင်မူ လော့စ်အိန်ဂျလိစ်က ကုမ္ပဏီတစ်ခုက သုံးဖက်မြင် ဆက်သွယ်ရေးစက်ဟု ဆိုရမည့် machines တစ်ခုကို ဖန်တီးထားသည်။

ယင်း စက်မှာ ဖုန်းရုံအရွယ်ရှိသည့် စက်ဖြစ်ပြီး သင့်၏ ဧည့်ခန်းအတွင်း ထားရှိကာ သုံးဖက်မြင်ပုံရိပ်များကို မြင်တွေ့ပြောဆိုနိုင်သည့် စက်ပဲ ဖြစ်သည်။

PORTL Inc ကုမ္ပဏီက တီထွင်ဖန်တီးသော ယင်းစက်သည် အသုံးပြုသူကို အခြားသူ၏ ပကတိအရွယ်အတိုင်း သုံးဖက်မြင် ပုံရိပ်ဖြင့် ပြောဆိုလှုပ်ရှားမှုများကို အရှိအတိုင်း မြင်ရသည်။

ထိုပြင် ယင်း စက်သည် တိမ်းပါးကွယ်လွန်သွားကြပြီဖြစ်သော ဆွေမျိုးသားချင်းများ၏ အမှတ်တရ ပုံရိပ်များကို သုံးဖက်မြင်ဖမ်းယူခြင်းနှင့် ပုံပေါ်စေသော နည်းပညာနှင့်လည်း ချိတ်ဆက်နိုင်သည်ဟု ဆိုသည်။

PORTL စက်တစ်လုံး၏ အမြင့်ပေသည် ခုနစ်ပေရှိပြီး အကျယ်က ငါးပေရှိကာ အနက်မှာ နှစ်ပေရှိသည်။ ယင်းသို့ ဖုန်းရုံ အရွယ်ပုံစံကြောင့် နံရံအတွင်း ထည့်သွင်းထားနိုင်သည်။  

ကင်မရာတစ်လုံးရှိပြီး အဖြူရောင် နောက်ခံမှာ ရှိနေသည့် မည်သူမဆို ယင်းစက်သို့ သုံးဖက်မြင်ပုံရိပ် ပေးပို့နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒေးဗစ်နူစ်ဘမ်းက ပြောပြီး ယင်းစက်ကို ‘holoportation’ ဟု အမည်ပေးထားကြောင်း ပြောသည်။

“ကျွန်တော်တို့ ပြောနိုင်တာက ခင်ဗျား ဒီမှာ ရှိမနေလည်း ခင်ဗျားဟာ ဒီ စက်ထဲမှာ ခင်ဗျားကိုယ် ခင်ဗျား ထားခဲ့သလိုမျိုး သုံးဖက်မြင် ပုံရိပ် ပေါ်စေမှာ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

“ဒီစက်နဲ့ တစ်ဦးနဲ့ တစ်ဦး လများစွာ မမြင်မတွေ့ကြရတဲ့ စစ်တပ်မိသားစုတွေကြား ဆက်သွယ်ပေးနိုင်မှာ ဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ လူခွာနေရတာတွေကြား ပေါင်းစည်းပေးမှာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

စက်၏ အဖွင့်ဈေးမှာ ဒေါ်လာ ၆၀၀၀၀ ရှိမည်ဖြစ်သော်လည်း လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ဈေးလျှော့ပေးသွားနိုင်ရန် မျှော်လင့်ထားသည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly