ရန်ကုန်တိုင်းမှာ မဲစာရင်းပြင်ဆင်သူ ၄ သိန်းနီးပါးရှိ

ရန်ကုန်တိုင်းမှာ မဲစာရင်းပြင်ဆင်သူ ၄ သိန်းနီးပါးရှိ
ဓာတ်ပုံ - အောင်မြတ်သူ

ဩဂုတ် ၁၆ 

ရန်ကုန်တိုင်းတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၆ သိန်းကျော်ရှိသည့်အနက် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ ၄ သိန်းနီးပါးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးတင်မောင်အေးက မဇ္ဈိမကို ပြောသည်။

ဦးတင်မောင်အေးက “ပြုစုတဲ့အခါ လူတွေနဲ့ အဆင့်ဆင့်ပြုစုကြရတာဖြစ်တဲ့အတွက် ရေးတာ၊ ရိုက်သွင်းတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြောပြတာ၊ ပြောဆိုတဲ့ အပေါ်မှာရော၊ ရိုက်တဲ့အခါမှာရော မှားယွင်းမှုတွေ ရှိနိုင်တယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ လာရောက်ကြည့်ရှုပြီးတော့ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုပြီး ကြေညာတာပါ” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် မဲစာရင်းလာရောက်ကြည့်ရှုသူမှာ ၁၆သိန်းခန့်ရှိပေမယ့် အိမ်ထောင်စုတစ်စုကို အနည်းဆုံးတစ်ဦးလာရောက်ကြည့်ရှုသောကြောင့် မဲဆန္ဒရှင် ၄၈ သိန်းခန့်လာရောက်စစ်ဆေးခဲ့ခြင်းနှင့်ညီမျှကြောင်း ဦးတင်မောင်အေးကပြောသည်။

မဲစာရင်းတွင် အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့်လျှာက်ထားသူ ၂ သိန်း ၄ သောင်း၊ မဲစာရင်းတွင် မပါသင့်သူများ ပါနေသောကြောင့် ပုံစံ(၄) နှင့် ကန့်ကွက်သူ  ၃ သောင်း ၄ ထောင်နှင့် မဲစာရင်းပါအချက်အလက်မှားယွင်းနေသောကြောင့် ပုံစံ(၄-ဂ)နှင့် ပြင်ဆင်လွှာတင်သွင်းသူပေါင်း ၁ သိန်း ၁ သောင်းရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၄ သိန်းနီးပါးရှိခဲ့ကြောင်းသိရသည်။

ပထမအကြိမ်မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင်၂၁ ရက်ကပ်ထားခဲ့ခြင်းဖြစ်သည်။

 မဲစာရင်းမှားယွင်းမှုများစွာရှိနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောကြားခဲ့ပြီးနောက် မူလသတ်မှတ်ထားသည့် မဲစာရင်းကြည့်ချိန် သီတင်းနှစ်ပတ်တွင် တစ်ပတ်ထပ်တိုးပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာလတွင် ထပ်မံကပ်သွားမည်ဖြစ်သောကြောင့် လာရောက်ကြည့်ရှုပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးတင်မောင်အေးက တိုက်တွန်းသည်။

“ဒုတိယအကြိမ် အောက်တိုဘာလမှာ ကပ်ထားရာမှာလည်း မပါဘူးဆိုရင် လျှောက်ထားလို့ ရတယ်။ မပါဝင်သင့်ဘဲ ပါဝင်နေရင် ကန့်ကွက်လို့ ရတယ်။ အချက်အလက်တွေ မှားနေရင် ပြင်ဆင်ပေးဖို့ တောင်းဆိုလို့ ရတယ်။ ဒုတိယအကြိမ်မှာလည်း စစ်ဆေးပြီးတော့ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်တာတွေ လုပ်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပထမအကြိမ်ကပ်သောမဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆ သိန်းကျော်ရှိသည့်အနက် လာကြည့်ရှုသူ ၁၆ သိန်း ၆ သောင်းရှိပြီး ၂၇ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မဲစာရင်းအမှားများကို ပြင်ဆင်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက တစ်အိမ်တက် တစ်အိမ်ဆင်းပြီး စာရင်းများကောက်ခံလျှက်ရှိသည်။

ပထမအကြိမ်မဲစာရင်းကောက်ယူရာတွင် (ရှိကောက်စနစ်)နေအိမ်တွင်ရှိသောသူများကိုသာကောက်ယူသောစနစ်ဖြစ်သည့်အတွက် မိသားစုလိုက်မဲစာရင်းမပါတာမျိုးလည်းရှိခဲ့သည်။

မဲစာရင်းထုတ်ပြန်ချက်များတွင် အစိုးရအဖွဲ့အကြီးအကဲများ၏မဲစာရင်းများတွင်ပါ သေဆုံးပြီးသူများပါဝင်နေခြင်း လွှတ်တော်အမတ်လောင်းများ ကိုယ်တိုင် မဲစာရင်းတွင်အမည်မပါခြင်းနှင့် မြို့နယ်နှစ်ခုတွင်အမည်စာရင်းများထပ်နေခြင်းများကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required