ARSA ကို ပါကစ္စတန် ထောက်လှမ်းရေး ISI က ကျောထောက်နောက်ခံ ပြုထားခြင်းဖြစ်နိုင်သည်ဟု ပြော

ARSA ကို ပါကစ္စတန် ထောက်လှမ်းရေး ISI က ကျောထောက်နောက်ခံ ပြုထားခြင်းဖြစ်နိုင်သည်ဟု ပြော

ဩဂုတ်၊ ၁၆

Arakan Rohingya Salvation Army (ARSA) ထွက်ပေါ်လာခြင်းနှင့် ကွန်ရက်ဖွဲ့လာခြင်းတို့သည် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများမှ ပေါ်ထွက်လာခြင်းအဖြစ် စောင့်ကြည်သူများက ယူဆကြသည်။ 

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပြင်ပမှ အဖွဲ့များ စီးဝင်လာခြင်းနှင့်အတူ မူးယစ်ဆေးဝါးနှင့် အခြား ရာဇဝတ်မှုများ ထူပြောလာသည်ကို ကြုံတွေ့နေရကြောင်း ဂျာမနီသတင်းဌာန DW ၏ ဖေဖော်ဝါရီ ၁၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။ 

အစွန်းရောက်အဖွဲ့များသည် ထို ဒုက္ခသည်စခန်းများကို လွှမ်းမိုးနိုင်ရေး ကြိုးစားလျက် ရှိနေသည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။ 

ဇန်နဝါရီလအတွင်းက ဘင်္ဂလားဒေ့ရှ်အခြေစိုက် Jamaat-ut-Mujahideen Bangladesh (JMB) အဖွဲ့က ကော့ဘဇားစခန်းရှိ ရိုဟင်ဂျာ ၄၀ ခန့်ကို လေ့ကျင့်သင်တန်းပေးခဲ့ကြောင်း သတင်းများအရ သိရသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော JMB သည်  ၂၀၁၆ ခုနှစ်က ဒါကာရှိ သံတမန်ရပ်ကွက်အနီး ကော်ဖီဆိုင်တစ်ခုကို စီးနင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၂၂ ဦး သေဆုံးသည်။ သေဆုံးသူ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ 

ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံနှင့် မလေးရှားတို့မှ အမေရိကန်ဒေါ်လာ ၁၁၇၀၀၀  ထောက်ပံ့ပေးခြင်းဖြင့် JMB သည် ရိုဟင်ဂျာ ၄၀ ကို လေ့ကျင့်သင်တန်းပေးခဲ့ကြောင်း DW က ဖော်ပြသည်။ 

ထိုသို့ လေ့ကျင့်သင်တန်းပေးရာ၏ နောက်ကွယ်၌ ပါကစ္စတန်က Inter-Services Intelligence (ISI) ပါဝင်နေပြီး အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူများနှင့် နယ်စပ်လုံခြုံရေးတာဝန်ရှိသူများကို တပ်လှန့်သတိပေးခဲ့ကြောင်း အဆိုပါ သတင်းအရ သိရသည်။ 

ISI ပါဝင်မှုသည် ဖြစ်နိုင်ခြေ များကြောင်း ဘရပ်ဆဲလ်အခြေစိုက် South Asia Democratic Forum မှ သုတေသီတစ်ဦးဖြစ်သည့် Siegfried O. Wolf က အတည်ပြုဆိုသည်။ 

ISI အဓိကရည်မှန်းချက်သည် ဒေသတွင်း အချို့နိုင်ငံများ မတည်မငြိမ်ဖြစ်ရေး ဖြစ်ပြီး အာဖဂန်နစ္စတန်တို့က အဓိကပစ်မှတ်ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

ကက်ရှ်မီးယားအရေးကို နိုင်ငံတကာ အသိုင်းအဝန်းက စောင့်ကြည့်နေခြင်းကြောင့် တတိယတစ်နိုင်ငံကို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများအတွက် ရွေးချယ်ခြင်းက ပါကစ္စတန်အတွက် ပို၍ ကောင်းမည်ဟု Wolf က ပြောသည်။ 

ထိုအတွက် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများသည် အကြမ်းဖက်အုပ်စုများအတွက် ပစ်မှတ်ဖြစ်လာခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးပညာရှင် ဗိုလ်မှူးချုပ်ဟောင်း Abdur Rashid က ယခင်က ရိုဟင်ဂျာများဆီ ထိုးဖောက်ချဉ်းနင်းရန် ကြိုးစားမှုများ ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ယင်း အကြမ်းဖက်အုပ်စုများကို အမြဲ တားဆီးနိုင်ခဲ့သည်ဟု DW သတင်းသို့ ပြောသည်။ 

နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကဲ့သို့သော အရေးကိစ္စများတွင် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယကို ယခုအထိ အကူအညီ ပေးနေကြောင်း ဒါကာအခြေစိုက် Institute for Conflict, Law and Development မှ Rashid က ဆိုသည်။ 

ပါကစ္စတန်သည် အထက်က အကြမ်းဖက်အုပ်စုများကို ထောက်ပံ့ပံ့ပိုးခြင်းများဖြင့် အိန္ဒိယကို မတည်မငြိမ် ဖြစ်အောင် လုပ်နိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်က အဖြစ်မခံဘူးဟု ၎င်းက ထပ်လောင်းပြောသည်။ 

ဒုက္ခသည်စခန်းများသို့ အကြမ်းဖက်ဝါဒ သိမ်းသွင်းရန် ကြိုးပမ်းမှုများသည် ယခင်က အောင်မြင်မှု မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က DW သို့ ပြောသည်။ 

ARSA သည် နယ်စပ်များသို့ ပြန်ရောက်လာပြီး ၎င်းတို့၏ စစ်ဆင်ရေးများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်နေသည်ဟု မြန်မာအကြီးတန်း စစ်အရာရှိအရ သိရသည်။ ဒုက္ခသည်စခန်းများ၌ ARSA တို့သည် ညပိုင်း လှုပ်ရှားကြပြီး နေ့ပိုင်း၌ ရုပ်ဖျက်ဖုံးကွယ်ထားကြသည်။ 

၂၀၁၇ ဩဂုတ်က ရခိုင်မြောက်ပိုင်းရှိ ရဲစခန်းများကို ARSA စီးနင်းတိုက်ခိုက်ခဲ့သည်မှာ ယခုလသည် သုံးနှစ်ပြည့်မြောက်ပဲ  ဖြစ်သည်။ 

ဧပြီမှ စတင်ပြီး ARSA အဖွဲ့ဝင်များသည် စစ်ဆင်ရေးများကို ပို၍ လုပ်ဆောင်လာကြောင်း တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ 

၂၀၂၀ မေလအတွင်း၌ နယ်ခြားစောင့်တပ်များကို ARSA က ချောင်းမြောင်းပစ်ခတ်ရာ၌ ရဲတာဝန်ရှိသူနှစ်ဦး သေဆုံးခဲ့သည်။ ဇွန်လအစောပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နားက ကျေးရွာတစ်ရွာအနီးတွင် ARSA နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီး ရုပ်အလောင်းနှစ်လောင်းနှင့် လက်နက်နှစ်လက် ရရှိခဲ့သည်ဟု တပ်မတော်က အတည်ပြုသည်။ 

ARSA ၏ ယာယီစခန်းများကို စစ်တပ်က သိမ်းပိုက်ရမိပြီး တရားဝင်ရော၊ တရားမဝင်ပါ ပြန်လာသည့် မွတ်စလင်ဒုက္ခသည်များကို စစ်ကြောမေးမြန်းခဲ့ရာ ဒုက္ခသည်စခန်းများ၌ ARSA တို့က လှုပ်ရှားလျက် ရှိနေသည်ဟု ဆိုကြသည်။ 

DW ၏ ၂၀၁၉ စက်တင်ဘာလက ဖော်ပြချက်တွင်လည်း ဒုက္ခသည်စခန်းများ၌ ARSA များ လှုပ်ရှားနေသည်ဟု ဆိုသည်။ အဆိုပါ ဒုက္ခသည်စခန်းများမှာ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများလည်း ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly