COVID-19 ကပ်ဘေးကို မဟာခုန်ပျံကျော်လွှား တိုးတက်ရေးအတွက် အသုံးချသွားရန် အင်ဒိုနီးရှား သမ္မတ တိုက်တွန်း

COVID-19 ကပ်ဘေးကို မဟာခုန်ပျံကျော်လွှား တိုးတက်ရေးအတွက် အသုံးချသွားရန် အင်ဒိုနီးရှား သမ္မတ တိုက်တွန်း

ဩဂုတ် ၁၅

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လာမည့် ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ တက်လှမ်းရောက်ရှိရန် ရည်ရွယ်ထားရာ COVID-19 ကပ်ဘေးကို နိုင်ငံအား အားသစ်လောင်းခြင်းအဖြစ် အသုံးချသွားရမည်ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေး ၇၅ နှစ်ပြည့်မြောက် ကျင်းပသည့် သောကြာနေ့က လွှတ်တော်၌ နိုင်ငံတော် မိန့်ခွန်းပြောကြားရာတွင် ဝီဒိုဒိုက မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဘေးနည်းအောင် အဆိုပါ လွှတ်တော်အခမ်းအနားတွင် ရွေးချယ်ထားသော လူအနည်းစုသာ တက်ရောက်ကြရပြီး ကျန်သော လွှတ်တော်အမတ်များက အွန်လိုင်းမှပဲ ကြည့်ရှုခဲ့ကြရသည်။

“ဒီ အချိန်အခါဟာ ကျွန်တော်တို့ကိုယ်ကို အားသစ်လောင်းဖို့၊ အသွင်းကူးပြောင်းမှုကြီး ဖော်ဆောင်ဖို့ အာမခံချက်ရှိတဲ့ မဟာဗျူဟာတွေ အကောင်အထည်ဖော်ဖို့ပဲ ဖြစ်တယ်။ ဒီ ကပ်ဘေးကို မဟာခုန်ပျံကျော်လွှား တိုးတက်ရေး ကို ဖော်ဆောင်ဖို့ အခွင့်အလမ်းအဖြစ် ကျွန်တော်တို့ ပြောင်းလဲပစ်ရမယ်။”ဟု ဝီဒိုဒိုက ပြောသည်။

ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားအား ကမ္ဘာ့ဘဏ်က အထက်နှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံအဖြစ် မကြာသေးမီက သတ်မှတ်ထားခဲ့သည်။ “အခုကနေ ၂၅ မှာ အင်ဒိုနီးရှားနိုင်ငံအတွက် ကြီးမားတဲ့ တိုးတက်မှုတွေ ကျွန်တော် တို့ လှမ်းဆွတ်ကြရမယ်။ အင်ဒိုနီးရှားကို ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် တည်ထောင်ကြမယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အင်ဒိုနီးရှား၏ စီးပွားရေးသည် ကပ်ဘေးကြောင့် ဒဏ်ခံနေရပြီး ယခုနှစ် ဒုတိယ သုံးလပတ်၌ ၁၉၉၉ နောက်ပိုင်း ပထမဆုံးအဖြစ် စီးပွားရေး ကျုံ့သွားခဲ့သည်။

ကပ်ဘေးကြားမှာပင် ကျန်းမာရေးကဏ္ဍ အခြေခံပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်ရမည် ဖြစ်ပြီး နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးကလည်း အားကောင်းရမည်ဖြစ်ကြောင်း  ဝီဒိုဒိုက ပြောသည်။

စွမ်းအင် အမှီအခိုကင်းမှု တည်ထောင်နိုင်ရေးကိုလည်း ကြိုးပမ်းအားထုတ်လုပ် ရှိနေကြောင်း ၎င်းက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် ရေနံထွက်ရှိသည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံ သုံးစွဲမှု လုံလောက်ရေးအတွက် ပြည်ပမှ ရေနံ တင်သွင်းနေရသည့် နိုင်ငံလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly