အစ္စရေးနှင့် သဘောတူညီချက်ကြောင့် ယူအေအီးသို့ အမေရိကန်က စစ်လက်နက် ရောင်းချခွင့် လမ်းပွင့်နိုင်

အစ္စရေးနှင့် သဘောတူညီချက်ကြောင့် ယူအေအီးသို့ အမေရိကန်က စစ်လက်နက် ရောင်းချခွင့် လမ်းပွင့်နိုင်

ဩဂုတ် ၁၅
   
အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့အကြား ပုံမှန်သံတမန် ဆက်ဆံရေး သဘောတူညီချက်သည် ပင်လယ်ကွေ့နိုင်ငံ ယူအေအီးသို့ အမေရိကန်က စစ်လက်နက်များ ပိုမို ရောင်းချခွင့်သာအောင် လမ်းဖွင့်ပေးလိုက်နိုင်ဖွယ်ရှိကြောင်း ပညာရှင်များက ပြောသည်။    

အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်ကူညီသည် သဘောတူညီချက်တစ်ရပ်အရ ပုံမှန်သံတမန် ဆက်ဆံရေး ထူထောင်သွားပြီး ပိုမို ကျယ်ပြန့်သော ဆက်ဆံရေးကို ဖော်ဆောင်သွားမည်ဟု ကြာသပတေးနေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနှင့် အလားတူ သဘောတူညီချက်မျိုး ရရှိသည့် အီဂျစ်နှင့် ဂျော်ဒန်ပြီးလျှင် ယူအေအီးသည် တတိယမြောက် အာရပ်နိုင်ငံဖြစ်လာခဲ့ပြီး ယင်းသို့သော သဘောတူညီချက်ကြောင့် အမေရိကန်၏ စစ်လက်နက် ရောင်းချခြင်းကို အထူးလက်ခံရရှိခဲ့ကြသည်။  

“ယူအေအီးအနေနဲ့ အစ္စရေးနဲ့ ပိုပြီး ရင်းနှီးလာလေ ၊ အစ္စရေးနဲ့ ပိုပြီး မိတ်ဖက်ဖြစ်လာလေ၊ အမေရိကန်ရဲ့ ဒေသတွင်း မဟာမိတ် ဖြစ်လာမှာပဲ ဖြစ်တယ်။ ဒီအတွက် ကျွန်တော် သိသိသာသာ ထင်မြင်တာကတော့ အနာဂတ် လက်နက်ရောင်းချမှုမှာ ယူအေအီးဟာ ရရှိခံစားလာရနိုင်တယ်။”ဟု အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဖရက်မန်းက National Public Radio နှင့် သောကြာနေ့က အင်တာဗျူးတွင် ပြောသည်။   

အစ္စရေးသည် အမေရိကန်၏ ပို၍ ခေတ်မီသော စစ်လက်နက်များကို အာရပ်နိုင်ငံများထက် ပို ရရှိစေမည်ဟု အမေရိကန်က အာမခံထားရာ အိမ်နီးချင်းများထက် စစ်ရေးစွမ်းရည် နှာတစ်ဖျားသာမှုကို ရရှိထားသည်။ ဥပမာတစ်ရပ်အနေဖြင့် Lockheed Martin Co ကုမ္ပဏီက ထုတ်လုပ်သည့် F-35 ဂျက်တိုက်လေယာဉ်များကို အစ္စရေးက တိုက်ပွဲများတွင် အသုံးပြုနေပြီး ယူအေအီးမှာ လက်ရှိ၌ ဝယ်ယူခွင့်ပင် မရသေးပေ။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly