အင်ဒိုနီးရှား၌ တရုတ်ဆန့်ကျင်ရေး အကြောင်းအရာများကို ByteDance က ဆင်ဆာ ဖြတ်တောက် 

အင်ဒိုနီးရှား၌ တရုတ်ဆန့်ကျင်ရေး အကြောင်းအရာများကို ByteDance က ဆင်ဆာ ဖြတ်တောက် 

ဩဂုတ် ၁၄

တရုတ်နည်းပညာကုမ္ပဏီကြီး ByteDance သည် အင်ဒိုနီးရှား၌ ၂၀၁၈ မှ ၂၀၂၀ နှစ်လယ်အထိ ၎င်း၏ အက်ပရီကေးရှင်းသစ်တွင် တရုတ်အစိုးရ ဆန့်ကျင်သည့် အကြောင်းအရာများကို ဆင်ဆာဖြတ်တောက်ခဲ့ကြောင်း ယင်း အရေးအား တိုက်ရိုက်သိရှိသူ ခြောက်ဦးက ရိုက်တာသို့ ပြောသည်။ 

Baca Berita (BaBe) အက်ပရီကေးရှင်းပေါ်တွင် တရုတ်အာဏာပိုင်များအကြောင်း အဆိုးမြင်သော ရေးသားချက်များကို ဖြတ်တောက်ပစ်ရန် ByteDance ၏ ပေကျင်းရုံးချုပ်မှ အဖွဲ့တစ်ဖွဲ့က အင်ဒိုနီးရှားမှ  စောင့်ကြည့်အကဲဖြတ်သူများကို ညွှန်ကြားချက် ထုတ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ 

ရိုက်တာက ရရှိသည့် ထုတ်ပြန်ချက်တစ်ရပ်တွင်မှု BaBe မှ တာဝန်ရှိသူများက ယခု စွဲဆိုချက်များကို ၎င်းတို့အနေဖြင့် လက်သင့်မခံဘဲ ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် လမ်းညွှန်ချက်များနှင့် အင်ဒိုနီးရှား၏ ပြည်တွင်းဥပဒေများအရသာ အကြောင်းအရာများကို အကဲဖြတ်ကြောင်း ပြောဆိုထားသည်။ 

၎င်းတို့ ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသည့် အဆိုပါ လမ်းညွှန်ချက်များသည် တရုတ် သို့မဟုတ် တရုတ်အစိုးရအား ရည်ညွှန်းထားခြင်း မရှိပေ။ 

ယခု သတင်း ထွက်ရှိလာပြီးနောက်တွင် BaBe က ၎င်းတို့၏ လုပ်ငန်းများကို အခြေစိုက်သော ဒေသနှင့် ပို၍ အံ့ဝင်ခွင်ကျဖြစ်စေအောင် ယခင်ကတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလာခဲ့သည်။ 

Babe တွင် ကိုယ်၏ အယူဝါဒ ရေးရာများ ပါဝင်ခြင်း မရှိသော စောင့်ကြည့်အကဲဖြတ် စံနှုန်းအချို့ ရှိထားပြီး ဈေးကွက်အတွက် သင့်တော်ရာက အင်ဒိုနီးရှား အဖွဲ့ကပဲ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ 

“လမ်းညွှန်ချက်များကို ၂၀၁၉ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းဈေးကွက်နှင့် သင့်တော်သည်ကို ဌာနေစောင့်ကြည့်အကဲဖြတ်သူများကပဲ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု BaBe ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

BaBe ယခု ထုတ်ပြန်ချက်ထက်ပို၍ ထပ်တိုးထင်မြင်ချက် ပေးရန် မရှိကြောင်း ပေကျင်းက ByteDance ကုမ္ပဏီက ပြောသည်။ ယခု စွဲဆိုချက်များနှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် မေတ္တာရပ်ခံသည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ၎င်း၏ အင်တာနက် စည်းကြပ်ရေး တရုတ်ဆိုင်ဘာစီမံခန့်ခွဲရေး CAC ရုံးတို့က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly