ဆန္ဒပြကျောင်းသားများအနေဖြင့် ဘုရင်စနစ် အစဉ်အလာစည်းမျဉ်းများကိုအလေးထားရန် ထိုင်းရဲမှူးကြီးပြော 

ဆန္ဒပြကျောင်းသားများအနေဖြင့် ဘုရင်စနစ် အစဉ်အလာစည်းမျဉ်းများကိုအလေးထားရန် ထိုင်းရဲမှူးကြီးပြော 

ဩဂုတ် ၁၄ 

တနင်္လာနေ့က ထိုင်းနိုင်ငံ Thammasat တက္ကသိုလ်တွင် အစိုးရပြုပြင်ပြောင်းလဲရေးအတွက် စုရုံးဆန္ဒပြတောင်းဆိုခဲ့သူများသည် မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်ရန် အာဏာပိုင်များက လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကပြောသည်။   

တက္ကသိုလ်၌စုရုံးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသူများသည်  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း ၁၁၂ ကို ချိုးဖောက်ရာကျနိုင်ပြီး နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူများနှင့် ကြိုးကိုင်သူများကို စုံစမ်းစစ်ဆေးမည်ဟု အပတ်စဉ်အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ပရာယွတ်က ပြောလိုက်ခြင်းဖြစ်သည်။ 

ဒီမိုကရေစီလိုလားသော ဆန္ဒပြကျောင်းသားများသည် ပရာယွတ်အစိုးရနုတ်ထွက်ရေး၊ ပါလီမန်ဖျက်သိမ်းရေးနှင့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးအတွက် တောင်းဆိုကာ ဆန္ဒပြနေသည်မှာ သီတင်းပတ်ပေါင်းများစွာရှိပြီဖြစ်သည်။ တနင်္လာနေ့ဆန္ဒပြပွဲတွင် ကျောင်းသားများက နိုင်ငံ၏အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဘုရင်အုပ်ချုပ်ရေးစနစ်ကိုပြောင်းလဲပေးရန် ထပ်မံတောင်းဆိုခဲ့ကြသည်။  

ကျောင်းသားများအနေဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ဆူပူအုံကြွမှုများမလုပ်ဘဲ အမှန်တရားကိုပြောဆိုရန်နှင့်အပြုသဘောဆောင်ရန် ပရာယွတ်က တိုက်တွန်းခဲ့သည်။ 

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Kissana Phathanacharoen က အစိုးရဆန့်ကျင်သော စုဝေးဆန္ဒပြမှုများကို စိုးရိမ်မိကြောင်း ကြာသပတေးနေ့ကပြောခဲ့သည်။ အစိုးရဆန့်ကျင်သော ဆန္ဒပြမှုများသည် ယခုအခါ ဘုရင်စနစ်ကိုပါ အတိုက်အခံလုပ်လာသည်ဟု ယူဆရသည်။ အမြင်မတူသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုအရှိန်မြင့်လာမည်ကို စိုးရိမ်သဖြင့် Kissana က  အစဉ်အလာစဉ်းမျဉ်းများကို လေးစားလိုက်နာရန် ကျောင်းသားများအား တောင်းဆိုခဲ့သည်။  

တနင်္ဂနွေနေ့၌ ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီအထိမ်းအမှတ်အဆောက်အဦတွင် စုဝေးဆန္ဒပြရန်စီစဉ်ထားရာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ရဲမှူးကြီး Kissana က ပြောသည်။  

ထိုအတောအတွင်း အာဏာရပါတီ Palang Pracharath Party (PPRP) မှ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Tipanan Sirichana က ဒီမိုကရေစီထောက်ခံသော Move Forward Party ခေါင်းဆောင် Mr. Pita Limijaroenrat အား ဆန္ဒပြကျောင်းသားများ၏တောင်းဆိုချက် ၁၀ ချက်၌ အထူးသဖြင့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ထောက်ခံနေမှုကို ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly