ဂျပန်နှင့်စင်္ကာပူအကြား စက်တင်ဘာမှစ၍ ခရီးသွားလာမှုကန့်သတ်ချက်များဖြေလျှော့ရန်သဘောတူ 

ဂျပန်နှင့်စင်္ကာပူအကြား စက်တင်ဘာမှစ၍ ခရီးသွားလာမှုကန့်သတ်ချက်များဖြေလျှော့ရန်သဘောတူ 

ဩဂုတ် ၁၄ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုတုံ့ပြန်ရန်အကောင်အထည်ဖော်ခဲ့သော ခရီးသွားလာမှုကန့်သတ်ချက်များကို စက်တင်ဘာလမှ စတင်၍ ဖြေလျှော့ရန် ဂျပန်နှင့်စင်္ကာပူတို့သည် ကြာသပတေးနေ့တွင် သဘောတူခဲ့ကြသည်။ 

စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်ပနေသူများသည် ကြိုတင်ကာကွယ်မှုအစီအမံများရယူလျက် နှစ်နိုင်ငံအကြား အပြန်အလှန် ခရီးသွားလာမှုကို စက်တင်ဘာလမှ စတင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမီဆုမိုတဲဂီက စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန်ဘာလာခရစ်ရှ်နန်နှင့် သဘောတူညီချက်ရပြီဟု ဆိုသည်။  

လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှ နိုင်ငံခြားသားများဝင်ရောက်မှုကို တားမြစ်ထားသော ဂျပန်သည် စင်္ကာပူအပါအဝင် အာရှ ၁၂ နိုင်ငံနှင့် ခရီးသွားလာမှုပြန်လည်စတင်ရန် ဆွေးနွေးသွားမည်ဟု ဇူလိုင်နှောင်းပိုင်းက ပြောခဲ့သည်။ 

စင်္ကာပူတွင်ရောက်ရှိနေသော မိုတဲဂီသည် ဗီဗီရန်နှင့် တောင်တရုတ်ပင်လယ်၏ လက်ရှိအခြေအနေနှင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် တိုက်ချင်းပစ်ဒုံးကျည် ရည်မှန်းချက်များအားတားဆီးရန် နည်းလမ်းများကို ဆွေးနွေးသွားမည်ဟု တာဝန်ရှိသူများကပြောသည်။  ရောဂါများဖြစ်ပွားခြင်းနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စများအတွက် အာဆီယံစင်တာတည်ထောင်မှု၏အရေးပါပုံကို ထည့်သွင်းစဉ်းစားနိုင်ဖွယ်ရှိပြီး ကပ်ရောဂါတုံ့ပြန်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအမြင်များ ဖလှယ်သွားမည်ဟု မျှော်လင့်ရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အာဆီယံ+၃ နိုင်ငံများအတွက် အဆိုပါစင်တာအကောင်အထည်ဖော်ရန် ဧပြီ ၁၄ က ကျင်းပခဲ့သော အွန်လိုင်းအစည်းအဝေးတွင် အဆိုပြုခဲ့ခြင်းဖြစ်သည်။  

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီသည် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ 

သောကြာနေ့တွင် မလေးရှားသို့သွားရောက်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီရှန်မူဒင်ဟူစိန်၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး  မိုဟာမက်အက်ဇ်မင်အလီတို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ ဂျပန်သို့ပြန်လာပြီးနောက် မိုတဲဂီသည် ဩဂုတ် ၂၀ မှ ၂၅ ရက်အထိ ပါပူအာနယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကို ဆက်လက် ခရီးထွက်ခွါမည်ဖြစ်သည်။ 

မိုတဲဂီသည် ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်သို့ သွားရောက်ခဲ့ပြီး မတ်လတွင် WHO က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကပ်ရောဂါအဖြစ်ကြေညာပြီးနောက်ပိုင်း အာဘေးအစိုးရအဖွဲ့တွင် နိုင်ငံရပ်ခြားသို့ ပထမဆုံးခရီးထွက်သူဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly