ဇီဝအချက်အလက် တရားမဝင် စုဆောင်းမှုအတွက် ဒဏ်ငွေ ဒေါ်လာ ၅၀၀ ဘီလီယံ ဆောင်ရမည့် အရေးနှင့် ကြုံနေရသည့် Instagram 

By Business Insider
13 August 2020
ဇီဝအချက်အလက် တရားမဝင် စုဆောင်းမှုအတွက် ဒဏ်ငွေ ဒေါ်လာ ၅၀၀ ဘီလီယံ ဆောင်ရမည့် အရေးနှင့် ကြုံနေရသည့် Instagram 

သြဂုတ် ၁၃ 

လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Instagram သည် users များ၏ သဘောတူညီချက် မပါဘဲ သို့မဟုတ် user များ မသိရှိဘဲဖြင့် users များ၏ ဇီဝဆိုင်ရာ အချက်အလက်များကို တရားမဝင် စုဆောင်းရယူထားသည်ဟု စွပ်စွဲခံနေရသည်။ 

ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်၍လည်း ယင်း၏ မိခင်ကုမ္ပဏီ Facebook ကို စွဲဆိုထားသည့် စုပေါင်းတရားစွဲဆိုမှု (class action) အသစ်တစ်ခုလည်း ရှိနေသည်။ 

Instagram သည် လူများကို မည်သူမည်ဝါ ခွဲခြားဖော်ထုတ်ရန် facial recognition (မျက်နှာသွင်ပြင်ဖတ်နည်းပညာ) အသုံးပြုသည့် face-tagging tool တစ်ခု ရှိနေပြီး “face template- မျက်နှာ ပုံစံပြား” တစ်ခုကို ဖန်တီးကာ ယင်း၏ database (ကွန်ပြူတာထဲတွင် အသင့်သုံးနိုင်ရန် ထည့်ထားသော အချက်အလက်များ) ထဲတွင် သိုလှောင်သိမ်းဆည်းထားသည်ဟု တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ 

Instagram သည် ဤလုပ်ဆောင်ချက်ကို ယင်း၏ ဝန်ဆောင်မှုဆိုင်ရာ သတ်မှတ်ချက်များတွင် ထုတ်ဖော်ထားသည် ဆိုသော်ငြား အဆိုပါ tool သည် အခြားသော users များ၏ ပို့စ်များတွင် ရုပ်ပုံတွေ့မြင်ရသူများ၏ မျက်နှာများကို အလိုအလျောက် စကင်ဖတ်ကြောင်း တရားစွဲဆိုမှုတွင် ပြောထားသည်။ ၎င်းတို့သည် Instagram ကို အသုံးမပြုချိန် နှင့် ဝန်ဆောင်မှု စည်းကမ်းချက်များကို သဘောတူမထားခဲ့လျင်တောင်မှ ယင်း tool က အထက်ပါအတိုင်း စကင်ဖတ်သည်ဟု ဆိုသည်။ 

ထိုကဲ့သို့ လုပ်ဆောင်မှုက အီလီနွိုက်ပြည်နယ်၏ ဥပဒေတစ်ရပ်ကို ချိုးဖောက်ရာ ရောက်နေသည်ဟု တရားစွဲဆိုမှုတွင် ပြောထားသည်။ အီလီနွိုက်ပြည်နယ် ဥပဒေတစ်ရပ်အရ facial recognition scan ကဲ့သို့သော users များ၏ ဇီဝဆိုင်ရာ အချက်အလက်များကို ၎င်းတို့၏ သဘောဆန္ဒမပါဘဲ ကုမ္ပဏီများဘက်က စုဆောင်းခြင်းအပေါ် တားမြစ်ထားသည်။ 

“ဖေ့ဘွတ်ခ်က အင်စတာဂရမ် အသုံးပြုသူတွေရဲ့ ကာကွယ်ထားတဲ့ ဇီဝအချက်အလက်တွေကို သိမ်းယူပြီးတာနဲ့ အဲဒါတွေကို ဖေ့ဘွတ်ခ် အက်ပလီကေးရှင်းအပါအဝင် ယင်းရဲ့ ထုတ်ကုန်အားလုံးမှာ မျက်နှာသွင်ပြင်ဖတ် လုပ်နိုင်စွမ်းတွေကို အားကောင်းစေဖို့အတွက် အသုံးပြုပါတယ်၊ ပြီးတော့ ဒီ အချက်အလက်တွေကို အမျိုးမျိုးသော အရာတွေအကြား ဝေမျှပါတယ်၊ အီလီနွိုက် ဥပဒေက ပြဋ္ဌာန်းထားတဲ့ လိုအပ်တဲ့ သတိပေးချက်တွေ ဒါမှမဟုတ် ထုတ်ဖော်ချက်တွေကို မထောက်ပံ့ပေးဘဲနဲ့ ဒါတွေကိုအားလုံးကို ဖေ့ဘွတ်ခ်က လုပ်ပါတယ်” ဟု တရားလိုများက ၎င်းတို့၏ တရားစွဲဆိုမှုတွင် ရေးထားသည်။ 

Instagram သည် facebook app လုပ်သလို နည်းလမ်းအတိုင်း facial recognition နည်းပညာကို အသုံးပြုခြင်း မရှိဟု Facebook ၏ ပြောရေးဆိုခွင့်ရှိသူ Stephanie Otway က ပြောသည်။ 

“ ဒီအမှုက အခြေအမြစ် မရှိပါဘူး၊ အင်စတာဂရမ်က မျက်နှာသွင်ပြင်ဖတ်နည်းပညာကို မသုံးပါဘူး” ဟု Otway က ပြောသည်။ 

Facebook သည်လည်း အီလီနွိုက်ဥပဒေကြောင့် ဖြစ်လာသည့် တရားစွဲဆိုမှုတစ်ခုနှင့် ကြုံတွေ့ထားပြီးဖြစ်သည်။ Facebook သည် ယင်း၏ users များ၏ သဘောတူညီချက် မပါဘဲ အလားတူ face-tagging tool တစ်ခုကို အသုံးပြုထားသည် ဆိုပြီး တရားစွဲဆိုမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းအမှုအတွက် ကျေအေးစေရန် ဒေါ်လာ သန်း ၆၅၀ ပေးမည်ဟု Facebook က ပြီးခဲ့သည့်လတွင် ကမ်းလှမ်းခဲ့သည်။ 

ယခု Instagram နှင့်ပတ်သက်၍ စွဲဆိုထားသည့် စုပေါင်းတရားစွဲဆိုမှုက Instagram users ပေါင်း သန်း ၁၀၀ ခန့်အတွက် နစ်နာကြေးရလိုကြောင်း တောင်းခံထားသည်။ အီလီနွိုက် ဥပဒေအောက်တွင် Facebook အနေဖြင့် ချိုးဖောက်ချက် တစ်ခုစီတိုင်းအတွက် ဒဏ်ကြေး ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၅၀၀၀ အထိ ပေးအပ်သွားရနိုင်သည်။ ယင်းအတွက်ကြောင့် အကယ်၍ ယခုကိစ္စတွင် faceook တွင် တာဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့မည်ဆိုပါက နစ်နာကြေးအပြည့်အဝအတွက် ဒဏ်ငွေဆောင်ရမည့် ပမာဏသည် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိနိုင်သည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ Facebook က တစ်စုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags