တရုတ်ကုမ္ပဏီက 3D ဓာတ်ပုံကင်မရာ ထုတ်လုပ် 

တရုတ်ကုမ္ပဏီက 3D ဓာတ်ပုံကင်မရာ ထုတ်လုပ် 

သြဂုတ် ၁၃

3D ဒီဂျစ်တယ်အချက်အလက် နည်းပညာကို တီထွင်ထုတ်လုပ်သည့် တရုတ် 4DAGE ကုမ္ပဏီက 3D ပုံရိပ်များ ထုတ်ပေးနိုင်သည့် ကင်မရာကို ထုတ်လုပ်ခဲ့သည်။ 

ယွမ်ငွေ ၉၈၀၀ (အမေရိကန်ဒေါ်လာ ၁၄၀၆ ဒေါ်လာ) တန်ဖိုးရှိသော 4DKanKan Pro ကင်မရာသည် 3D ပုံရိပ်များကို ထုတ်ပေးနိုင်ပြီး အထူးသဖြင့် အခန်းများ၊ အိမ်ရာများကို ဓာတ်ပုံရိုက်ရာတွင် အသုံးပြုနိုင်သည်။ 

ထိုအတွက် အိမ်ခြံမြေလုပ်ငန်းရှင်များအတွက် အသုံးတည့်သော ကင်မရာ ဖြစ်သည်။ ယင်း ကင်မရာဖြင့် အွန်လိုင်းကုန်စည်ပြပွဲများတွင် ခင်းကျင်းပြသရန် ပုံရိပ်များကိုလည်း ရိုက်ကူးနိုင်သည်။ 

ဓာတ်ပုံရိုက်ကူးသူအနေဖြင့် ရိုးရိုးရှင်းရှင်းပင် ပုံကို ရိုက်ကူးပြီး နည်းပညာက 3D ပုံရိပ်အဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။ ပညာရှင်ဓာတ်ပုံဆရာများ လိုအပ်ချက်ကိုလည်း လျှော့ချပစ်နိုင်ကာ 3D ပုံများ ထုတ်လုပ်သည့် အချိန်ကိုလည်း လျှော့ချပစ်နိုင်မည် ဖြစ်သည်။ 

အလေးချိန်အားဖြင့် ၆၆၀ ဂရမ်သာ ရှိသည့် ယင်းကင်မရာသည် ပုံမှန်အားဖြင့် ၁ ကီလိုဂရမ်ကျော် အလေးချိန် ရှိတတ်သော သာမန် ကင်မရာထက် အလွန်ပေါ့ပါးသည်။ 

ကုမ္ပဏီသည် 4DKanKan ကင်မရာများကို ဧပြီလအတွင်းက အများအစား ထုတ်လုပ်ထားပြီး အဝယ်အမှာစာမှာ အလုံးရေ ၁၀၀၀၀ ကျော်သွားသည်။ 4DAGE ကုမ္ပဏီသည် ၂၀၁၄ ခုနှစ် တည်ထောင်ချိန်ကစပြီး ဉာဏ်ရည်တု နည်းပညာ အသုံးပြုကာ 3D ဒီဂျစ်တယ် နည်းပညာကို စီးပွားဖြစ် တီထွင်ထုတ်လုပ်လာခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly