ရာဇဝင်ထဲမှာ No Vote ကိုထားခဲ့တော့မလားနှင့် ဂရုပြုရမည့်ပဉ္စသိင်္ခဆောင်းသံ 

By သွင်လင်းအောင် 
13 August 2020
ရာဇဝင်ထဲမှာ No Vote ကိုထားခဲ့တော့မလားနှင့် ဂရုပြုရမည့်ပဉ္စသိင်္ခဆောင်းသံ 

၂၀၂၀ ခု သြဂုတ်လ ၈ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေကိုလက်မခံတာကြောင့် လာမဲ့ ၂၀၂၀  ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး မဲမထည့်ဖို့ No Vote လှုပ်ရှားမှုလုပ်မယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။ သူတို့က မဲမပေးနဲ့လို့ မတိုက်တွန်းပေ မယ့် မဲပေးရင်ဘာဖြစ်မယ်၊ မဲမပေးရင်ဘာဖြစ်မယ်ဆိုတာတွေကို လူထုကိုရှင်းပြသွားမယ်လို့ဆိုပါတယ်။ အဓိက ကတော့ မဲပေးရင်ကောင်းမလာနိုင်ဘူးဆိုတဲ့ သူတို့ယူဆချက်ကိုတင်ပြပြီး No Vote ကင်ပိန်း (လှုပ်ရှားမှု) လုပ် မယ်လို့ဆိုပါတယ်။ လူထုကြားမှာရော ဖေ့စ်ဘွတ်တစ်ခွင်မှာပါ ပွက်လောရိုက်သွားပါတယ်။ အခြား ဗကသ အဖွဲ့ ချုပ်တစ်ခုကလဲ သူတို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့လုပ်ဆောင်မှာပေမယ့် မဲမပေးရေးကို  တော့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ရှင်းလင်းပြန်ပါတယ်။ အခြား အစောပိုင်းမှာ မဲမပေးသင့်ဘူး No Vote လို့ တစ်ယောက်စ၊ နှစ်ယောက်စ အသံထွက်နေကတည်းက ဆူညံစပြုလာတဲ့အသံတွေဟာအခုတော့ အမြင့်ဆုံး  ဖြစ်လာပါတယ်။  

ရာဇဝင်ထဲက No Vote 

တကယ်တော့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံတာကြောင့် ရွေးကောက်ပွဲကိုလက်မခံဘူး၊ မဲမပေး ဘူးလို့ ၂၀၂၀ မှာပြောလာတာဟာ အသစ်တော့မဟုတ်ပါဘူး။ ဒီလိုစဉ်းစားချက်နဲ့ ဒီလိုလှူပ်ရှားမှူဟာ ၂၀၁၀  ရွေးကောက်ပွဲမတိုင်ခင်ကလဲ ကျယ်ကျယ်လောင်လောင်ကို ပေါ်ပေါက်ခဲ့ဘူးပါတယ်။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲ ကိုပြန်သုံးသပ်မယ်ဆိုရင် ၁၉၈၈ ခုနှစ်မှာပြည်သူအားလုံးနီးပါးပါဝင်ခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ခဲ့တယ်။ ပြည်သူ  တွေရဲ့အုံကြွမှုကို တပ်မတော်ကအာဏာသိမ်းပြီးအဆုံးသတ်စေခဲ့တယ်။ အဲ့ဒီ အပြီးမှာတပ်မတော်အစိုးရက  ရွေးကောက်ပွဲကျင်းပပေးမယ်ပြောခဲ့လို့ NLD - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတွေ  ပေါ်ပေါက်လာခဲ့ကြတယ်။ ၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲလုပ်တော့ NLD နဲ့ ဒီမိုကရေစီဘက်တော်သားပါတီတော်တော်များများအနိုင်ရခဲ့တယ်။ တပ်မတော်အစိုးရက အနိုင်ရပါတီက ဦးဆောင်ပြီး နိုင်ငံသစ်ကို တည်ဆောက်ဖို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရမယ်လို့ ​ကြေညာခဲ့ပေမယ့် ၁၉၉၃ မှာတော့သူတို့က ပဲ ဦးဆောင်ပြီး အမျိုးသားညီလာခံကိုခေါ်ယူပြီး  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့လုပ်ခဲ့ကြပါတယ်။ အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေကိုလည်း လက်သင့်သလိုပဲ ဖိတ်ကြားပြီးတက်ရောက်စေခဲ့ပါတယ်။ အဲ့ဒီ ညီလာခံထဲမှာ တပ်မတော်ရဲ့တရားနည်းလမ်းမကျမှူတွေကြောင့် ၁၉၉၆ မှာ NLD က ညီလာခံကထွက်ခဲ့သလို ညီလာခံလည်းရပ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ အဖြစ်လောက်ပဲကျင်းပခဲ့ပြီး ဖွဲ့စည်းပုံရေးဆွဲရေးကိုလည်းမလုပ်တော့ သလောက်ဖြစ်သွားခဲ့ပါတယ်။  

တပ်မတော်ရဲ့လမ်းပြမြေပုံ ၇ ဆင့် 

၂၀၀၃ ခုနှစ် သြဂုတ်လမှာ တပ်မတော်အစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးခင်ညွှန့်က ၁၉၉၃ ခုနှစ်ကစခဲ့တဲ့ အမျိုးသားညီလာခံအပေါ်မှာအခြေပြုပြီးတော့ လမ်းပြမြေပုံ ခုနှစ် ချက်ကိုချမှတ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့  အောက်ပါအတိုင်းဖြစ်ပါတယ်။  

  • (၁) ၁၉၉၆ ခုနှစ်ကစတင်၍ ယာယီအားဖြင့် ဆိုင်းငံ့ထားလျက်ရှိသော အမျိုးသားညီလာခံကြီးကို ပြန်လည်ကျင်းပခြင်း  
  • (၂) အမျိုးသားညီလာခံကြီးအောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် လိုအပ်သောဆောင်ရွက်ဖွယ်ရာလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင် ရွက်ခြင်း 
  • (၃) အမျိုးသားညီလာခံကြီးကချမှတ်ပေးသော အခြေခံရမည့်မူများနှင့်အသေးစိတ် ခြေခံရမည့်မူများနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကိုရေးဆွဲခြင်း (ဖွဲ့စည်းပုံရေးဆွဲရန်) 
  • (၄) ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍အတည်ပြုခြင်း (ဖွဲ့စည်း ပုံကိုအတည်ပြုရန်) 
  • (၅) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက် ပွဲများ ကျင်းပခြင်း (ရွေးကောက်ပွဲကျင်းပရန်) 
  • (၆) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပခြင်း (လွှတ်တော်စခေါ်ရန်) 
  • (၇) လွှတ်တော်ကရွေးကောက်တင်မြောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့်အာဏာပိုင်အဖွဲ့အစည်းများဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်ခြင်း 

အဲ့ဒီခုနှစ်ချက်ကိုချမှတ်အပြီးမှာတော့ ၁၉၉၆ ကတည်းက ရပ်သွားတဲ့အမျိုးသားညီလာခံကို ပြန်လည်ပြုလုပ်ခဲ့ပါ တယ်။ ၂၀၀၄ ခုနှစ်မှာ တပ်မတော်တွင်း အာဏာလုမှုတွေရဲ့ရလာဒ်အဖြစ် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို တာဝန်က ရပ်စဲပြီးဖမ်းဆီးအရေးယူတာတွေလုပ်ခဲ့ပေမယ့် သူချခဲ့တဲ့လမ်းပြမြေပုံ ၇ ချက်အတိုင်းဆက်လက်အကောင်အ ထည်ဖော်ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီးတွေဦးဆောင်တဲ့ရွှေဝါရောင်တော်လှန်ရေး အပြီးမကြာခင်မှာပဲ လမ်းပြမြေပုံအဆင့် (၃) ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတစ်ခုကိုရေးဆွဲလို့ပြီးစီးခဲ့ပါတယ်။ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကတော့ နောင်အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ နာမည်ကြီးလာမယ့် မူကြမ်းပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် မတ်လမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်စိမ်းတွေကို စတင်ထုတ်ဝေခဲ့ပေမယ့် စာပေဗိမာန်မှာတစ်အုပ်ကို ၁၀၀၀ ကျပ်နဲ့ရောင်းချပေးခဲ့တာပါ။ အဲ့ဒီလိုရောင်းတယ်ဆိုတာကိုတောင် သိရှိ ခဲ့သူမရှိသလောက်ပါပဲ။ လမ်းပြမြေပုံအဆင့် (၄) ကတော့ အထက်ကဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်  ပြုဖို့အတွက် ပြည်လုံးကျွတ်ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ပဲဖြစ်ပါတယ်။ ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ်မေလ ၁၀ ရက် နေ့မှာပြုလုပ်မယ်လို့ အဲ့ဒိအချိန်ကတပ်မတော်အစိုးရက သူ့ရဲ့လမ်းပြမြေပုံအဆင့် (၄) ကိုအကောင်အထည်ဖော်ဖို့  ကြေညာခဲ့ပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုရဲ့စည်းမျဉ်းအရ နိုင်ငံတစ်ခုရဲ့မဲပေးနိုင်သူထက်ဝက်ကမဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်ပြီး အဲ့ဒီမဲပေးသူအားလုံးရဲ့ထက်ဝက်ကျော်ကထောက်ခံရင် အတည်ဖြစ်မှာဖြစ်ပါတယ်။  

ဒါ့ကြောင့် အဲ့ဒီအချိန်တုန်းက ပြည်တွင်း ပြည်ပမှာရှိတဲ့အတိုက်အခံဒီမိုကရေစီအင်အားစုတွေဟာ ဆန္ဒမဲပေးခွင့် ရှိသူတွေအနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်မပြုနိုင်အောင်လက်မခံဘူးလို့ Vote No မဲပေးဖို့လှုပ် ရှားမှုတွေလုပ်ခဲ့ပြီး တကယ်လည်း လက်မခံဘူးဆိုတဲ့ ဆန္ဒမဲတွေကိုပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အားလုံးသိကြတဲ့ အတိုင်းပါပဲ။ တပ်မတော်အစိုးရဟာ မြန်မာနိုင်ငံကလူပေါင်း တစ်သိန်းခွဲကျော်သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းအချိန် မှာကို ဆန္ဒခံယူပွဲတွေလုပ်ခဲ့ပြီး လက်တွေ့အားဖြင့်လက်ခံဖို့ခက်ခဲ့တဲ့ ကိန်းဂဏန်းတွေဖြစ်တဲ့ မဲပေးနိုင်သူအားလုံးရဲ့ ၉၈.၁၂% မဲပေးခဲ့ပြီး ထိုသူများအနက်မှ ၉၂.၄၈% ကထောက်ခံခဲ့ပါတယ်ဆိုတဲ့ ကိန်းဂဏန်းတွေနဲ့ အဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း အားလုံးသိကြတဲ့အတိုင်းပဲ ဖက်ဒရယ်ကို အာမမခံနိုင်သလို တပ်ရဲ့ချုပ်ကိုင်မှူ၊ ကန့်သတ်မှူတွေကြီးတာကြောင့် လက်ခံဖို့ခက်ခဲတဲ့ ဥပဒေတစ်ခုဖြစ်ခဲ့ရတာပါ။ အဲ့ဒီနောက်မှာတော့ တပ်မတော်အစိုးရဟာ သူ့ရဲ့လမ်းပြမြေပုံအဆင့် (၅) ဖြစ်တဲ့ အတည်ပြုလိုက်ပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကျင်းပခြင်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် မှာပြုလုပ်မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာ ညံတက် လာတဲ့အသံကတော့ အခုပြန် ကြားနေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံတာကြောင့် ၂၀၁၀  ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ပြီး မဲသွားမပေးဘဲနေဖို့ No Vote လုပ်ကြဖို့အသံပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က ပြည်ပမှာဒီမိုကရေစီရေး၊ ဖက်ဒ ရယ်ရေးတိုက်ပွဲဝင်နေကြတဲ့ အင်အားစုအားလုံးနီးပါးနဲ့  ပြည်တွင်းကအင်အားစု အများစုတို့ဟာ No Vote အသံ ညီခဲ့ကြပါတယ်။ NLD ကိုယ်တိုင်လဲ ၂၀၀၈ ဖွဲ့စည်းပုံအရပါတီမှတ်ပုံတင်ပြုလုပ်  ခြင်းမရှိခဲ့ဘဲ ရွှေဂုံတိုင်ကြေညာချက်ထုတ်ပြန်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက်ကာ No Vote လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အခုအသံတွေဆူနေတဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ No Vote ဆိုတာဟာ အသစ် မဟုတ်ပါဘူး။ ၂၀၁၀ ရွေး  ကောက်ပွဲမတိုင်ခင်ကလည်း ရှိခဲ့ဘူးပါတယ်။  

၂၀၀၈ အောက်မှရွေးကောက်ပွဲများနှင့်ပတ်သက်သော အယူအဆ ၂ ရပ် 

အဲ့ဒီအချိန်က အင်အားစုအများစုကြီးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံနိုင်ဘူး။ ဒါဟာ တပ်မတော် အစိုးရရဲ့ လမ်းပြမြေပုံအဆင့်တစ်ခုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမို့ ဒီရွေးကောက်ပွဲကို ညီညီညာညာ Vote No လုပ်ခဲ့ကြတယ်ဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီဥပဒေအရ ကျင်းပတော့မည့် လာလတံ့သောရွေးကောက်ပွဲများနဲ့ပတ်သက်ပြီးတော့ အတိုက်အခံအင်အားစုများအကြားမှာ ကွဲပြားတဲ့အယူအဆနှစ်ခု ဟာ စတင်ပြီးခေါင်းထောင်လာခဲ့ပါတော့တယ်။  

၂၀၀၈ ကိုဖျက်ပြီးလူထုတိုက်ပွဲနဲ့သာသွားမည် 

တစ်ခုကတော့ တပ်မတော်အစိုးရဟာ သူ့ရဲ့လမ်းပြမြေပုံခုနှစ်ချက်ကိုချပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ် ကြိုက်ရေးဆွဲကာ တိုင်းပြည်ရဲ့အာဏာကိုပုံစံပြောင်းလဲပြီးချုပ်ကိုင်ခြင်းသာဖြစ်တယ်။ ဒါ့ကြောင့် အဲ့ဒီလမ်းပြ  မြေပုံရဲ့လမ်းကြောင်းကိုမပူးပေါင်းဘဲ ယခင်ကလိုပဲသဏ္ဌာန်မျိုးစုံ လူထုတိုက်ပွဲတွေနဲ့အောင်ပွဲရတဲ့အထိ ဆင်နွှဲသွားမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လမ်းပြမြေပုံအရဖော်ဆောင်နေတဲ့ မည်သည့်ရွေးကောက်ပွဲကိုမဆို ဆန့်ကျင်ကန့်ကွက်သွားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ဦးတည်ကြိုးပမ်းသွားမယ်ဆိုတဲ့ အယူ အဆဖြစ်ပါတယ်။  

၂၀၀၈ ဘောင်ထဲဝင်ပြီး ၂၀၀၈ ကိုတဖြည်းဖြည်းပြင်မည် 

နောက်တစ်ခုကတော့ ချုပ်ပြောရရင် ရွေးကောက်ပွဲဝင်သွားမယ်ဆိုတဲ့ အယူအဆပါ။ ဒါပေမယ့် ရွေးကောက်ပွဲဝင် သွားဖို့စဉ်းစားမှုကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကတော့ နှစ်ခုထပ်ကွဲပါတယ်။ ပထမအကြောင်းအရင်းကတော့ တပ်မတော်ဟာတကယ်ပဲ အရပ်သားအစိုးရနဲ့အရပ်သားအုပ်ချုပ်ရေးကိုပြောင်းလဲပေးတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အာဏာကိုဆက်ကိုင်ထားသလိုဖြစ်နေတာကတော့ ၁၉၈၈ ကတည်းကနိုင်ငံရေးထဲမှာပါခဲ့ တဲ့တပ်မတော်ဟာ နိုင်ငံရေးထဲကပြန်ဆုတ်ခွာတဲ့အခါမှာ သူ့အတွက်လုံခြုံရေးစိတ်ချရအောင် ဗျူဟာမြောက် ဆုတ်ခွာဖို့အတွက် Exit Strategy ဆွဲထားတဲ့သဘောပဲလို့ ယူဆသူတွေပဲဖြစ်ပါတယ်။ အခု ၂၀၁၀ ကနေ ၁၀ နှစ်မြောက်လာတဲ့အခါမှာတော့ အဲ့ဒီအယူအဆဟာဖြစ်နိုင်ချေ အလွန်နည်းသွားပြီဖြစ်တဲ့အတွက် အဲ့ဒီအကြောင်း ကိုတော့ သိနိုင်ယုံလောက်သာဖော်ပြမှာဖြစ်ပြီး ဒီဆောင်းပါးမှာတော့ အသေးစိတ်ဆွေးနွေးတော့မှာမဟုတ်ပါ ဘူး။  

အရေးကြီးတာကတော့ ရွေးကောက်ပွဲဝင်ဖို့စဉ်းစားရတဲ့ ဒုတိယအကြောင်းအရင်းပဲဖြစ်ပါတယ်။ အဲ့ဒီစဉ်းစားချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကန့်သတ်ဖိနှိပ်မှုတွေများပေမယ့် ဝင်တိုးလို့ရမယ့် နေရာလေးတွေ (Space) လေးတွေဖွင့်ပေးထားတာမို့ အဲ့ဒီနေရာကိုအရင်ဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံထဲကကန့်သတ် ချုပ်ချယ်မှုတွေကို တဖြည်းဖြည်းချင်း ပြင်ယူသွားမယ်ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။  

ရွေးကောက်ပွဲဆန့်ကျင်ခြင်းမှရွေးကောက်ပွဲများဆီသို့ 

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ ၂၀၀၈ ကိုလက်မခံနိုင်တဲ့အတွက် ရွေးကောက်ပွဲကိုလက်မခံ၊ ဝင်မပြိုင်၊ No Vote ဆိုသည့်အယူအဆက အားသာခဲ့သော်လည်း ၂၀၁၀ အပြီးမှာတော့ NLD မှအစပြုကာ ၁၉၉၀ ရွေး  ကောက်ပွဲကာလအတွင်း ရပ်တည်ချက်ခိုင်မာခဲ့ကြတဲ့ SNLD - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကဲ့သို့သော တိုင်းရင်းသားပါတီများပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီမှတ်ပုံတင်လာခဲ့ကြကာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရကျင်းပမယ့် ရွေးကောက်ပွဲများတွင်ပါဝင်ရန်ပြင်ဆင်လာကြပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဝင်တိုးလို့ရမယ့် နေရာလေးတွေ (Space) လေးတွေကိုအရင်ဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံထဲကကန့်သတ်ချုပ်ချယ်မှုတွေကို တဖြည်းဖြည်းချင်းပြင်ယူသွားမယ်ဆိုတဲ့ အယူအဆ က ပိုပြီးလွှမ်းမိုးလာတယ်ဆိုတာကိုတွေ့ရနိုင်ပါတယ်။ ဘာကြောင့်ဒီလိုလွှမ်မိုးသွားရသလဲလို့ မြင်မိတာကတော့  အောက်ကအချက်တွေကြောင့်ပါပဲ။  

၁။ လူထုတိုက်ပွဲဖော်ဆောင်ရန်ခက်ခဲလာခြင်း 

DVB မှာတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ခုရေးခဲ့ဘူးပါတယ်။ “ဒီမိုကရေစီဖြင့် သင်းသပ်ခံလိုက်ရသောလူ ထုတိုက်ပွဲ နှင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဆိုပြီးတော့ပါ။ ဒီလင့်ခ်မှာသွားကြည့်နိုင် ပါတယ်။ အသေးစိတ်ရေးထားပါတယ်။ http://burmese.dvb.no/archives/353085  

၂၀၁၀ မတိုင်ခင်မှာ တပ်မတော်အစိုးရဟာ လူထုတိုက်ပွဲကိုဦးတည်စေနိုင်လောက်တဲ့ ဘယ်လိုဆန္ဒပြပွဲမျိုးကို မဆို အချိန်တိုအတွင်းမှာပဲ ပြင်းပြင်းထန်ထန်ဖိနှိပ်လာခဲ့ပါတယ်။ ဆန္ဒပြမှူတွေအပေါ်မှာ လူထုရဲ့ထောက်ခံမှူ အပြည့်အဝရှိခဲ့ပေမယ့် ဆန္ဒပြမှုတစ်ခုဖော်ဆောင်ဖို့ပိုခက်ခဲလာသလို တပ်မတော်အစိုးရရဲ့ပြင်းထန်တဲ့ဖိနှိပ်မှုအောက်မှာ ဒီမိုကရက်တစ်အင်အားစုတွေဟာ ထောင်ထဲမှာပဲအချိန်ကုန်ဆုံးနေရသလိုဖြစ်နေခဲ့ရပါတယ်။ ၂၀၁၀ ရဲ့ ဒီဘက်မှာတော့ အရပ်သားအစိုးရဟာ ငြိမ်းချမ်းစွာစုရုံးခွင့် နဲ့ စီတန်းလှည့်လှယ်ခွင့်ဥပဒေကို  ပြဋ္ဌာန်းပြီး ဆန္ဒပြမှုတွေကို အချိန်အကန့်အသတ်နဲ့တရားဝင်ခွင့်ပြုခဲ့သလို၊ အာဏာပိုင်ဆုံးဖြတ်ချက်ချနိုင်သူများ ကို သွားရောက်တွေ့ဆုံပြီး  ပြည်သူတွေရဲ့ဆန္ဒကိုတရားဝင်တင်ပြတောင်း ဆိုနိုင်ဖို့ Advocacy လုပ်ဖို့လည်း ခွင့်ပြုပေး ခဲ့ပါတယ်။ ဆန္ဒပြပြီးထုတ်ဖော်ခဲ့တဲ့  ပြည်သူတွေရဲ့လိုလားချက်တွေအပေါ်မှာရော၊ Advocacy လုပ်ဆောင်တင်  ပြမှူတွေအပေါ်မှာရော လိုက်လံညှိနှိုင်းလုပ်ဆောင်ပေးမှုပိုင်းမှာ အာဏာပိုင်အစိုးရတွေဘက်ကအားနည်းခဲ့ ပေမယ့် အစိုးရတွေက ဆန္ဒပြခွင့်၊ သူတို့နဲ့တွေ့ဆုံပြီးတရားဝင်တင်ပြတောင်းဆိုခွင့်တွေပြုသားပဲဆိုပြီး  ပြည်သူ အများစုက ဒါတွေကို တိုးတက်မှုတွေလို့ယူဆခဲ့ကြပါတယ်။ လူထုတိုက်ပွဲရဲ့ ဆန္ဒပြမှုဆိုတာဟာ  တောင်းဆိုချက်ကိုမလိုက်လျောဘူးဆိုရင် အစိုးရကလိုက်လျောလာတာ သို့မဟုတ် ညှိနှိုင်းလာတာတွေလုပ်တဲ့အထိ  တောင့်ခံထားရတာမျိုးပါ။ အခုတော့ အနှစ်သာရမရှိတဲ့ အပေါ်ယံဒီမိုကရေစီအခွင့်အရေးတွေအပေါ်မှာ လူထုကဝေဝါးသွားတဲ့အတွက် လူထုတိုက်ပွဲဖော်ဆောင်ဖို့ ဆန္ဒပြပွဲတွေကိုခွင့်ပြုတဲ့အချိန်၊ ရက်အပိုင်းအခြားထက်  ကျော်လွန်ပြီးလုပ်ဆောင်ခဲ့မယ်ဆိုရင် လုပ်တဲ့သူတွေအပေါ်ကို အမြင်တိမ်းစောင်းတာမျိုးတွေဖြစ်လာနိုင်ပြီး လူထုတိုက်ပွဲဖော်ဖို့ခက်ခဲလာရတဲ့အခြေအနေပါ။ ဒါ့ကြောင့်လည်း ဒီအချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ  ဘောင်ထဲကရတဲ့နေရာကနေစ တဖြည်းဖြည်းချဲ့ယူသွားပြီး ဖွဲ့စည်းပုံကိုပြင်သွား မယ်ဆိုတဲ့တွေးဆမှူကို အားသာသွားစေတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။  

၂။ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအခင်းအကျင်းပြောင်းလဲမှု 

၁၉၆၂ နဲ့ ၁၉၈၈ ကစခဲ့တဲ့ တပ်မတော်အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်တွင်းကအတိုက်အခံလှုပ်ရှားသူတွေဟာ အကြီးအကျယ်ဖိနှိပ်ခံခဲ့ရပါတယ်။ ပြည်တွင်းက အဓိကလှုပ်ရှားသူများရဲ့လှုပ်ရှားမှုတွေထိရောက်နိုင်ဖို့အတွက်  ပြည်ပ အထူးသဖြင့်တော့ နယ်စပ်အတိုက်အခံလှုပ်ရှားသူများက ပံ့ပိုးပေးတဲ့အခန်းကဏ္ဍကနေဖြည့်ဆည်းပေးခဲ့ကြ ရပါတယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဟာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ကြပြီး အထူးသဖြင့်  တော့ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍပါပဲ။ ထိုင်းနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ဖက်ဒရယ်ဆိုင်ရာလှုပ်ရှားမှုဆိုင်ရာ အတိုက်အခံတွေ သူ့မြေထဲမှာလာနေထိုင်ပြီး လှုပ်ရှားနေတာကို အတိုင်းအတာတခုအထိမသိချင်  ယောင်ဆောင်ခွင့်ပြုပေးထားခဲ့တာပါ။ ဒါ့ကြောင့်လဲ ပြည်တွင်းလှုပ်ရှားမှုတွေကို ထိထိရောက်ရောက်ကူညီပေးနိုင်ခဲ့တာပါ။ ၂၀၁၀ ရောက်လာခါနီးမှာတော့ မြန်မာနိုင်ငံကတံခါးဖွင့်လာတော့မယ်ဆိုတဲ့ အရိပ်အယောင်  တွေပြလာခဲ့တဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာအစိုးရနဲ့စီးပွားရေးတွေလုပ်ဖို့ကိုပိုမိုအားသန်လာကြပါ တယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရဟာသူ့မြေ  ပေါ်မှာ ဒီမိုကရေစီရေးလှူပ်ရှားသူ၊ ဖက်ဒရယ်ရေးလှုပ်ရှားသူတော်လှန်ရေးအဖွဲ့တွေ၊ စစ်ဘေးဒုက္ခသည်တွေ ကိုကအစ လက်မခံချင်တော့တဲ့သဘောထား၊ အပြုအမူတွေစတင်ပြလာပါတော့တယ်။ ဒါကလည်း အတိုက်အခံ လှုပ်ရှားနေသူတွေကို ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲကိုတွန်းပို့လိုက်တဲ့အချက်တစ်ခုပါပဲ။  

၃။ နိုင်ငံတကာ အခင်းအကျင်းအပြောင်းအလဲ 

၁၉၈၈ ကစခဲ့တဲ့ မြန်မာနိုင်ငံဒီမိုကရေစီတိုက်ပွဲကို အတိုင်းအတာတခုအထိထောက်ခံအားပေးခဲ့တာကတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတော်တော်များများကပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတိုက်ပွဲဟာ ၁၉၈၈ ကနေ ၂၀၁၀ ပတ်ဝန်းကျင်အထိ နှစ် ၂၀ ကျော်ကြာခဲ့တဲ့အချိန်မှာတော့ အမေရိကန်နဲ့အနောက်အုပ်စုဟာ ရလဒ်မထွက်နိုင်သေးတဲ့အပေါ်မှာ အားမလိုအားမရဖြစ်လာဟန်ရှိပါတယ်။ မြန်မာကို ပထဝီနိုင်ငံရေးအရ တရုတ်နောက်ကိုပါသွားမှာကိုလဲစိုးရိမ်ပုံရသလို တပ်မတော်ရဲ့အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးတိုးမြှင့်လိုဟန်  ပြမှုတွေအပေါ်မှာလည်း တိမ်းညွှတ်လာပုံရှိလာပါတယ်။ ဒါ့ကြောင့်လဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာ  ပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အခင်းအကျင်းဖြစ်ပေါ်လာတဲ့အချိန်မှာ ဒါဟာတပ်မတော်အစိုးရရဲ့ လမ်းပြမြေပုံအကောင်အထည်ဖော်မှုအစိတ်အပိုင်းပဲဖြစ်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အာဏာကို ဆက်လက်ထိန်းချုပ်ထားဖို့ရည်ရွယ်တာပဲဖြစ်တယ်လို့ အတိုက်အခံတွေကမရပ်မနားထောက်ပြနေတဲ့ကြားထဲကပဲ အမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့ ဒါဟာဖြစ်ထွန်းတိုးတက်မှုတစ်ခုပဲဖြစ်တယ်၊ အတိုက်အခံတွေအနေနဲ့ လိုက်ပါလုပ်ဆောင်သင့်တယ်လို့မြင်ခဲ့ကြပါတယ်။ အဲ့ဒီအမြင်ပေါ်မှာအခြေခံပြီး ပြည်တွင်းပြည်ပက အတိုက်အခံတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ရွေးကောက်ပွဲတွေကိုဝင်ဖြစ်အောင် နည်းမျိုးစုံနဲ့တွန်းခဲ့ တာတွေရှိခဲ့ပါတယ်။ မဝင်လို့ကိုမရအောင်ကို လုပ်ခဲ့တာတွေလဲရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒါကိုလည်းလွှမ်းမိုးခဲ့တဲ့ အချက်တစ်ချက်အဖြစ် ထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ်။  

အထက်က အကြောင်းအရင်း သုံးခုကတော့ ပြင်ပအခြေအနေတွေကသက်ရောက်ခဲ့တာတွေပဲဖြစ်ပါတယ်။ ဆက်ပြီးဖော်ပြမှာတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွေကိုဝင်သင့်တယ်လို့ ဝင်ဖို့ ဆန္ဒရှိတဲ့အတိုက်အခံများကိုယ်တိုင်က စဉ်းစားခဲ့ကြမှုများပဲဖြစ်ပါတယ်။ ဒါတွေဟာ ပြင်ပကသက်ရောက်တဲ့ အကြောင်းတွေ ကြောင့်လည်းဖြစ်နိုင်သလို သူ့တို့ဘာသာသူတို့စဉ်းစားကြတာလည်းဖြစ်နိုင်ပါတယ်။  

၄။ ဒီမိုကရေစီဘောင်၊ အရပ်ဘောင်ကိုချဲ့နိုင်ချေရှိခြင်း 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကို ဆန္ဒများစွာရှိလို့ပဲဖြစ်ဖြစ် အခြေအနေတွေကတွန်းပို့လို့ပဲဖြစ်ဖြစ်ဝင်ခဲ့ ကြသူတွေတိုင်းက ဒီအချက်ကိုတော့ စိတ်ဖြေရာပဲဖြစ်ဖြစ်စဉ်းစားဖြစ်ကြပါတယ်။ အဲ့ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ချင်တာဖြစ်ပေမယ့် လောလောဆယ်ပြင်ဖို့အတွက် စိန်ခေါ်ချက်တွေများနေမယ်ဆိုရင်တောင် ၂၀၀၈ ဖွဲ့စည်းပုံကိုမထိဘဲ ဒီမိုကရေစီဘောင်၊ အရပ်ဘက်ဘောင်ကိုချဲ့ဖို့လုပ်စရာတွေရှိတဲ့အတွက် အဲ့ဒါ တွေကိုလုပ်ဆောင်ရင်း ဒီမိုကရေစီဘောင်နဲ့ အရပ်ဘက်ပြည်သူတွေရဲ့နိုးကြားတက်ကြွမှုတွေ တစ်စုံတရာ အားကောင်းလာပြီဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ တပ်မတော်နဲ့ညှိနှိုင်းရာမှာ တစ်စုံတရာအားဖြစ်  စေမယ်ဆိုတဲ့စဉ်းစားချက်ပဲဖြစ်ပါတယ်။ ဒါကလည်း ၂၀၀၈ အောက်ထဲကိုဝင်ဖို့အတွက် အားတင်းတာပဲဖြစ်ဖြစ် တကယ်လက်တွေ့စဉ်းစားတာပဲဖြစ်ဖြစ် ဝင်ဖြစ်အောင်တွန်းပေးခဲ့တဲ့ စဉ်းစားမှုတစ်ခုဖြစ်နေတာတော့ ငြင်းမရပါ ဘူး။ ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုဟာ ၂၀၀၈ ကိုပြင်တာမဟုတ်ပေမယ့် တစ်ဖက်ကတပ်မတော်နဲ့တော့အတိုင်း အတာတစ်ခုအထိပွတ်တိုက်မှုတွေရှိလာနိုင်တာကြောင့် နည်းနည်းတော့စွန့်စားပြီးလုပ်ရမယ့်အပိုင်းပဲဖြစ်ပါတယ်။  

၅။ တပ်မတော်ကိုတဖြည်းဖြည်းစည်းရုံးညှိနှိုင်းသွားခြင်း 

ဒါကတော့ ဖြစ်နိုင်ချေရှိခြင်း မရှိခြင်းထက်ကိုပဲ မြင်သာအောင်ပြောရရင်တော့ “ဝက်ဖြစ်မှတော့မစင်မကြောက်ရ” ဆိုသလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခင်းအကျင်းဘောင်ထဲဝင်ကစားပြီဆိုရင်တော့ ပန်းတိုင်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်နိုင်ဖို့ဆိုရင် တပ်မတော်ကိုမဖြစ်မနေညှိနှိုင်းရမှာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်သွား ရင်ဖြစ်နိုင်လောက်မယ်ဆိုတဲ့ စဉ်းစားချက်ကလည် ၂၀၀၈ ဘောင်ထဲဝင်ဖို့တွန်းပို့မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုညှိနှိုင်းတဲ့နေရာမှာတော့ ဘယ်လိုမူဝါဒကိုကိုင်စွဲပြီး၊ ဘယ်လိုအတိုင်းအတာနဲ့ညှိနှိုင်းမယ်ဆိုတာတွေတော့ ရှိရမှာဖြစ်ပြီး မူမဲ့ညှိနှိုင်းမှုတော့မဖြစ်သင့်ပါဘူး။ တကယ်တော့ အဲ့ဒိလိုညှိနှိုင်းတဲ့အခါမှာလည်း ပြည်သူလူထုရဲ့  အားကိုလည်းအဓိကယူရမယ်လို့မြင်ပါတယ်။ ဒီမှာတော့ အသေးစိတ်မရေးတော့ပါဘူး။  

၆။ တပ်မတော်ရဲ့မျိုးဆက်သစ်များအပေါ်မျှော်လင့်ချက် 

ဒါကလည်း ၂၀၀၈ ဘောင်ထဲကိုဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်လို့တွေးဆသူတွေအတွက် တွန်း အားတစ်ခုပါ။ တပ်မတော်ရဲ့မျိုးဆက်သစ်များက ပိုမိုနားလည်မှုရှိလာပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ပိုစိတ်ပါလာ ကာ ညှိနှိုင်းမှုတွေအဆင်ပြေလာနိုင်မယ်။ နိုင်ငံရေးထဲကနေ တပ်မတော်ကထွက်သွားပြီး သူတို့ရဲ့မူရင်းတိုင်းပြည်ကာကွယ်တဲ့အလုပ်ကပဲ သိက္ခာရှိတဲ့အလုပ်ဆိုတာကိုခံယူပြီး တိုင်းပြည်ရဲ့လက်ရှိပြဿနာတွေပြေလည် သွားနိုင်မလားဆိုတဲ့မျှော်လင့်ချက်ပါ။ (စာရေးသူအတွက်တော့ ဒီအချက်က ဖြစ်နိုင်ချေနည်းလွန်းတယ်လို့ တင်မြင်မိပါတယ်) 

အခုဆွေးနွေးခဲ့တဲ့ ၆ ချက်ကြောင့် ၁၉၈၈ ခုနှစ်ကစတင်ပါဝင်ခဲ့တဲ့ အတိုက်အခံတော်တော်များများဟာ ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲကနေ ရွေးကောက်ပွဲတွေဝင်ဖို့ကို ၂၀၁၀ အပြီးလောက်မှာဆုံးဖြတ်ခဲ့ကြတယ်လို့ ယူဆမိပါ တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာလည်း အထက်မှာပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ပြီး လူထုတိုက်ပွဲ နဲ့သာအောင်မြင်မှုရနိုင်မယ်လို့ အခိုင်အမာယူဆတဲ့ တက်ကြွလှုပ်ရှားသူတွေရှိနေဆဲပါပဲ။ သူတို့ဟာအဲ့ဒီအယူ အဆကိုအခိုင်အမာကိုင်ဆွဲထားကြပေမယ့်လည်း၂၀၀၈ ဘောင်ထဲကဝင်ပြီး ၂၀၀၈ ကိုပြင်ချင်သူတွေနဲ့ မိတ်ဘက် ပဋိပက္ခအဖြစ်ပဲနေထိုင်ခဲ့ကြပြီး အကွဲအပြဲအဖြစ်အသံကိုမကျယ်လောင်စေခဲ့ပါဘူး။ ရည်ရွယ်ချက်တူပြီး နည်းနာ ပိုင်းသာကွဲပြားကြတာမို့ ရည်ရွယ်ချက်ကိုရောက်မယ်ဆိုအဆင်ပြေနိုင်တာဖြစ်တဲ့အတွက် မတူတာဘေးဖယ် တူတာကိုတွဲလုပ်ဆိုတဲ့မူနဲ့ ငြိမ်နေပေးတာလည်းဖြစ်နိုင်ပါတယ်။  

ရွေးကောက်ပွဲဆန့်ကျင်တဲ့အသံဘာလို့ပြန်၍ညံ 

၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကနေအစပြုပြီး ဒီမိုကရက်တစ်အင်အားစုအတိုက်အခံတွေဟာ ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြားမှာတော့ လွှတ်တော်ထဲမှာ အနည်းစုသာဖြစ်တဲ့အတွက် ၂၀၀၈ ကိုပြင်ဖို့ကြိုးပမ်းတာ၊ ၂၀၀၈ ကိုမထိဘဲ အရပ်ဘက်ဘောင် ကျယ်လာအောင်လုပ်တာ၊ တပ်မတော်နဲ့ညှိနှိုင်းတာစတဲ့ဟာတွေကို ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပေမယ့် သူတို့အပေါ် အားမလိုအားမရတော့မဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒီမိုကရေစီတိုက်ပွဲ၊ ဖက်ဒရယ်တိုက်ပွဲရဲ့တပ်ဦးကလို့အသိအမှတ်ပြုထားခဲ့တဲ့ NLD ဟာ လွှတ်တော်ထဲမှာ အများစု အနေနဲ့အနိုင်ရခဲ့ပါတယ်။ အဲ့ဒီအင်အားနဲ့ ၂၀၀၈ ဘောင်ထဲကိုရောက်ပြီဆိုရင်တော့ အပေါ်မှာဆိုခဲ့သလို တဖြည်းဖြည်းလုပ်ဆောင်ရမယ့်အရာတွေကို NLD အနေနဲ့ စတင်လုပ်ဆောင်တော့မယ်လို့အများစုကယူဆခဲ့ ပါတယ်။ ဒါပေမယ့် ငါးနှစ်နီးပါးအကြာမှာတော့ အခြေအနေကိုသုံးသပ်ကြည့်ရာမှာအောက်ပါအတိုင်းတွေ့လာရ ပါတယ်။  

ဖွဲ့စည်းပုံပြင်ဆင်ရေး 

NLD ဟာ အစိုးရဖွဲ့အပြီးသုံးနှစ်လောက်အထိ ရွေးကောက်ပွဲကြေညာစာတမ်းရဲ့ အဓိကဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို လုံးဝမဟတော့ပါဘူး။ လေး နှစ်ထဲ ဝင်လာတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရေးဆိုတာကိုပြန်ပြောဆိုလာတာကိုတွေ့ရပြီး ၄၅ ဦးကော်မတီဖွဲ့ပြီး တကယ်ပြင်ဆင်ဖို့အထိလုပ်လာတာ ကိုတွေ့ရပါတယ်။ လက်တွေ့မှာ ပုဒ်မ ၄၃၆ အရ ပြင်ဆင်ခွင့်ကို တပ်ကသာချုပ်ကိုင်ထားတဲ့အခြေအနေမှာ အခု လို ပြင်ဆင်ရေးကိုတန်းပြောလာတဲ့အခါ အောက်ခြေကတပ်မတော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကို  တွေ့ရပေမယ့် တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ တစ်စုံတရာများညှိနှိုင်းထားသလားလို့ မျှော်လင့်စရာဖြစ်ခဲ့ရပါ တယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ၄၃၆ နဲ့ပဲပြန်ရပ်သွားတဲ့အခါ NLD ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်အပေါ်မူတည်ပြီး တပ်မတော်နဲ့ ထိရောက်တဲ့ညှိနှိုင်းမှုလုပ်ရဲ့လားလို့ ယူဆစရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မူဟောင်း၊ လူဟောင်း (တပ်နဲ့နီးသူ) တွေကိုပြန်သုံးတာတွေ၊ တိုင်းရင်းသားအရေး၊  ငြိမ်းချမ်း  ရေးကိစ္စတွေမှာ တပ်မတော်နဲ့အသံတူသွားတာတွေကိုမြင်လာရတဲ့အခါ မူမဲ့ညှိနှိုင်းမှူတွေလုပ်နေလို့များ မလို အပ်ဘဲလျှော့ပေးရတာတွေရှိနေတာလားလို့ ထင်စရာတွေဖြစ်လာရပါတယ်။  

ဒီမိုကရေစီနှင့်အရပ်ဘက်ဘောင်ချဲ့ထွင်ရေး

၂၀၀၈ ဘောင်ထဲကိုဝင်ဖို့စဉ်းစားသူတွေဟာ ၂၀၀၈ ကိုမထိသေးဘဲ ဥပဒေပြုရေးအောက်မှာဒီမိုကရေစီဘောင်နဲ့ အရပ်ဘက်ဘောင်ကိုကျယ်လာအောင်လုပ်ခြင်းဖြင့် ၂၀၀၈ ပြင်ဆင်ရေးဘက်ကို တဖြည်းဖြည်းချည်းကပ်တာမျိုး လုပ်နိုင်မယ်လို့ရှေ့မှာဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီတော့ NLD ဟာလည်း အဲ့ဒီအချက်ကိုလုပ်မလားလို့စိတ်ဝင်စားခဲ့ကြ ပါတယ်။ ၂၀၀၈ ကိုမထိဘဲ ပြည်သူတွေ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိနှိပ်တဲ့ဥပဒေတွေကိုပြင်ဆင်ဖျက်သိမ်း တာတွေ၊ ပြည်သူတွေ အရပ်ဘက်အဖွဲ့အစည်းတွေ ပိုမိုလှူပ်ရှားလာနိုင်ဖို့အခင်းအကျင်းတွေဖန်တီးပေးနိုင်မယ့် ဥပဒေတွေကိုပြင်ဆင် ပြဋ္ဌာန်းပေးတာတွေ၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို ဘောင်အတွင်းက ထိန်းညှိနိုင်မယ့်ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းတာတွေ လုပ်လာမလားလို့မျှော်လင့်ခဲ့တာပါ။ လက်တွေ့မှာတော့ ဥပဒေပြင်ဆင် မှုတွေ ပြဋ္ဌာန်းမှုတွေထိရောက်အောင်မလုပ်တဲ့အပြင် ပြည်သူတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေအပေါ်ကို ပိုပြီး တင်းတင်းကျပ်ကျပ်ကန့်သတ်ဆက်ဆံလာတာတွေတွေ့ရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အလေးမထားယုံမကဘဲ လွတ်လပ်စွာထုတ်ဖော်ခွင့်အပါအဝင် အခွင့်အရေးတော်တော်များများအပေါ်မှာ နားလည်မှုအားနည်းစွာနဲ့ ကန့်သတ်ချုပ်ချယ်လာတာကိုတွေ့ရပါတယ်။ ဥပဒေနဲ့ညီခြင်း မညီခြင်းတွေကို မစိစစ်တော့ဘဲ တစ်ချိန်ကလက်တွဲခဲ့သူတွေအပေါ် သံသယကြီးစွာနဲ့ကန့်သတ်မှုတွေလုပ်လာခဲ့ပါတယ်။ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို တပ်မတော်ထိန်းချုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ သမတ ရုံးဝန်ကြီးဌာနအောက်ကိုရွှေ့လိုက်နိုင်တဲ့အတွက် လက်ခုပ်တီးလို့မှ မဆုံးသေးခင်  ထွေအုပ်ဟာအရပ်ဘက် အဖွဲ့အစည်းတွေအပေါ်ကို ပိုလို့တောင်တင်းကျပ်လာတာတွေကိုတွေ့လာရပါတယ်။ အဆိုးဆုံးကတော့ မိမိ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ဆန္ဒပြမှုတွေအပေါ် အကောင်းမြင်စိတ်ဆိတ်သုဉ်းသွားခဲ့တာပါပဲ။ သဘောထား ရပ်တည်ချက်တွေ ရှေ့နောက်လွဲနေတာတွေ ခဏခဏတွေ့ရတာကလည်း နိုင်ငံကိုတိကျတဲ့မူဝါဒတွေနဲ့ချမှတ်အုပ်ချုပ်နေတာမှ ဟုတ်ရဲ့လားလို့တွေးစရာဖြစ်လာရပါတယ်။   

တိုင်းရင်းသားအရေး ဖက်ဒရယ်အရေး 

မြန်မာပြည်က ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဟာ သူတို့ရဲ့တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက်  ဗမာတွေအပေါ်မှာယုံကြည်မှူပျောက်ဆုံးနေခဲ့တာကြာပါပြီ။ ၁၉၈၈ အပြီးမှာ ဗမာကျောင်းသားတော်တော်များ များတောခိုသွားအပြီး ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေဟာ အဲ့ဒီကတဆင့် NLD နဲ့ NLD ခေါင်းဆောင်တို့ အပေါ်ပြန်လည်ယုံကြည်မှုထားခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သောင်ပြို ကမ်းပြိုနိုင်ခဲ့တာဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ထောက်ခံမှုအများကြီးပါခဲ့ပါတယ်။ အစိုးရဖွဲ့အပြီးမှာတော့ NLD ဟာ ၁၉၈၈ ကတည်းက သူတို့နဲ့အတူလက်တွဲပြီးတိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို တစ်ဖက်သတ်လက်တွဲ  ဖြုတ်ခဲ့ပါတယ်။ အဲ့ဒီခေါင်းဆောင်တွေရဲ့ မိခင်ပါတီ၊ အဖွဲ့အစည်းတွေကိုလည်း လေးစားမှုအလျှင်းမပြဘဲ ၎င်းတို့ရဲ့ အစိုးရဖွဲ့မှုအတွင်းမှာ အဆင်ပြေမယ်ထင်သူကို လက်သင့်သလိုဆွဲခေါ်ပြီးပါဝင်စေခဲ့တာတွေလုပ်ခဲ့ပါတယ်။ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ရင်လည်း တပ်မတော်အပေါ်မှာ အလိုက်အထိုက်အလျှော့ပေးဆက်ဆံခဲ့ပေမယ့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပေါ်ဆက်ဆံမှုဟာ မနွေးထွေးခဲ့ပါဘူး။ အပစ်တင်တာတွေသာ ပိုနေခဲ့ ပါတယ်။ အကြိမ်တော်တော်များများမှာ တပ်မတော်ရဲ့ဆန္ဒနဲ့ အသံသွားတူနေတာတွေလည်း ရှိလာခဲ့ပါတယ်။  အောက်ခြေက ဗမာမဟုတ်တဲ့တိုင်းရင်းသားတော်တော်များများဟာလဲ ရုပ်တုကိစ္စ၊ ဘာသာစကားကိစ္စ စတာ  တွေအပေါ်မှာ သူတို့ကို ဖိနှိပ်တယ်လို့ခံစားလာနေရပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး တင်ပြချက်တွေမှာ NLD ရဲ့ တင်ပြချက်တွေမှာ ဖက်ဒရယ်အနှစ်သာရလုံးဝမပါနေတာဟာလည်း ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအတွက် စိတ်ပျက်အားလျော့စရာဖြစ်ရပါတယ်။ အဆုံးမှာတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေရဲ့ အားကိုးယုံကြည်မှုလည်း ဆုံးရှုံးလိုက်ရပါတယ်။  

ချုပ်ပြောရရင် ၂၀၀၈ ဘောင်ထဲဝင်ပြီး ၂၀၀၈ ကိုတဖြည်းဖြည်းပြင်ကြည့်မယ်ဆိုတဲ့ အတွေးအခေါ်ကို အဓိက စွဲကိုင်ပြီးအကောင်အထည်ဖော်ဖို့ကြိုးပမ်းခွင့်ရသွားခဲ့တဲ့ NLD ဟာ လက်တွေ့မှာ ဘာတစ်ခုကိုမှမလုပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရည်ရွယ်ချက်ကိုဦးတည်လုပ်ဆောင်ရမယ့် ဒီမိုကရေစီနဲ့အရပ်သားဘောင်ကိုတောင် အနည်းငယ်ပို ကျယ်အောင်မလုပ်နိုင်ခဲ့ပါဘူး။ တပ်မတော်နဲ့ နေရာတော်တော်များများမှာ အသံတွေတူလာခဲ့ပြီး တိုင်းရင်းသား အင်အားစုတွေရဲ့ယုံကြည်မှုကိုပါပျောက်ဆုံးခဲ့ရတာကိုတွေ့လာရပါတယ်။ အဲ့ဒီတော့ အစကတည်းက ၂၀၀၈  ဘောင်ထဲဝင်တာအဆင်မပြေနိုင်ဘူး၊ ဒါကြောင့် ၂၀၀၈ အောက်ကရွေးကောက်ပွဲတွေကိုမဝင်ဘဲ ၂၀၀၈ ကိုဖျက် မှရမယ်လို့ယုံကြည်ခဲ့ပေမယ့် သူတို့နဲ့နည်းနာမတူသူတွေ အကောင်အထည်ဖော်စဉ်မှာ ငြိမ်ပေးခဲ့ရသူတွေရဲ့ စိုးရိမ်မှုဟာ တဖန်ပြန်လည်ပြီးခေါင်းထောင်ထလာခဲ့ရတာပါ။ အဲ့ဒါကတော့ အနီးကပ်ဆုံးဖြစ်မယ့် ၂၀၂၀  ရွေးကောက်ပွဲကိုဆန့်ကျင်ရမယ်၊ No Vote လုပ်ရမယ်၊ ၂၀၀၈ ကိုလူထုတိုက်ပွဲနဲ့ဖျက်တာကသာ အဖြေဆိုတဲ့ ယူဆချက်ပဲဖြစ်ပါတယ်။ ဒါဟာ အသစ်မဟုတ်ပါဘူး။ ရာဇဝင်ထဲက No Vote ပြန်နိုးထလာတာပါပဲ။ NLD ရဲ့ ငါးနှစ်တာဖြတ်သန်းမှုအားနည်းချက်တွေရဲ့ တွန်းအားကြောင့် ခဏငြိမ်ပေးခဲ့ရတဲ့ စိုးရိမ်ချက်တွေ၊ အယူအဆတွေ ကို ပြန်ပြီးပြောဆိုလာကြတာပါ။ နောက်တစ်အုပ်စုကတော့ အထက်ကအုပ်စုလောက်နိုင်ငံရေးပိုင်းကိုစဉ်းစား ထားတာမျိုးမဟုတ်ပေမယ့် ပထမအုပ်စုနဲ့တူတာကတော့ သူတို့လည်း NLD အစိုးရရဲ့ ငါး နှစ်တာဖြတ်သန်းမှု ခါးသီးခြင်းတွေကို ခံစားလိုက်ရလို့ ရွေးကောက်ပွဲရော၊ ဝင်ပြိုင်သူတွေအပေါ်မှာ ပါ စိတ်ဝင်စားမှုတွေကျဆင်းပြီး ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်  ၊မဲလည်း မပေးတော့ဘူးလို့ဆုံးဖြတ်လိုက် ကြသူတွေရဲ့အသံတွေပါ။  

၂၀၀၈ ဘောင်ထဲဝင်ရေးလမ်းကိုရွေးချယ်ခဲ့သောအခြားအင်အားစုများ 

သူတို့ကတော့ ၂၀၀၈ ဘောင်ထဲမဝင်ပဲလှုပ်ရှားရင်တွေ့ရမယ့် စိန်ခေါ်ချက်တွေဟာဆက်ရှိနေဆဲဖြစ်တာမို့ ၂၀၀၈ ဘောင်ထဲကကြိုးပမ်းတာကို အချိန်ကြာကြာစောင့်ရပြီး ဖြစ်ထွန်းမှုနည်းနိုင်ပေမယ့် တခြားနည်းလမ်း မရှိခင်မှာ ဒီလမ်းကိုလျှောက်ကြည့်ဖို့လိုလားနေကြဆဲပါ။ အခုလိုအလုပ်မဖြစ်တာဟာ NLD ပါတီရဲ့လုပ်ပုံ ကိုင်ပုံ၊ တွေးပုံခေါ် ပုံအမှားတွေက အဓိကကျတာမို့ ဒီလမ်းကိုပဲ သူတို့အနေနဲ့လုပ်ပုံကိုင်ပုံမှန်မှန်  တွေးပုံခေါ် ပုံမှန်မှန်နဲ့သွားမယ်ဆို  တစ်စုံတရာခရီးပေါက်နိုင်ဦးမယ်လို့ယူဆကြပါတယ်။  

ဂရုပြုရမည့်ပဉ္စသိင်္ခဆောင်းသံ 

စားရေးသူအနေနဲ့ဆိုရင်လည်း ၂၀၁၀ မတိုင်ခင်တုန်းက ၂၀၀၈ ကိုအသက်သွင်းမယ့် ရွေးကောက်ပွဲဖြစ်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ ၂၀၁၀ အလွန်မှာ NLD အပါအဝင် ၁၉၉၀ တုန်းကပါတီတွေ ၂၀၀၈ အရမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်ကြတော့ အပြင်ကပဲ လူထုတိုက်ပွဲနဲ့ဆက်သွားစေချင်ခဲ့မိပါတယ်။ ဒါပေမယ့် တကယ်ပြန်တွေးကြည့်တော့ လူထုတိုက်ပွဲဖော်ဖို့အခက်အခဲတွေ၊ ထိုင်းနိုင်ငံရဲ့နယ်စပ်အ တိုက်အခံတွေအပေါ်သဘောထားပြောင်းမှုတွေ၊ ဒီမိုကရေစီတိုက်ပွဲကို  ထောက်ခံခဲ့တဲ့နိုင်ငံတွေရဲ့သဘောထား အပြောင်းအလဲ စတာတွေကစိန်ခေါ်မှုအဖြစ် အတိုင်းအတာတခုအထိရှိနေတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ဘောင်ထဲဝင်ပြီး ဒီမိုကရေစီနဲ့အရပ်ဘက်ဘောင်တွေကို ရသလောက်ချဲ့ပြီး ၂၀၀၈ ပြင်ဖို့ဘက်ကို တဖြည်းဖြည်းတက်သွားတဲ့လမ်းကိုပဲရွေးဖို့သဘောတူခဲ့တာပါ။ ၂၀၀၈ ဘောင်ကိုမှဝင်ရင်တော့ တပ်မတော်ကို မူနဲ့ဘောင်နဲ့ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့လည်း မဖြစ်မနေလိုလာမယ်ဆိုတာကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် အခုလို ငါး နှစ်တာအတွင်း NLD ရဲ့ ၂၀၀၈ ဘောင်အောက်မှာဘာမှမတိုးတက်တဲ့အပြင် နိုင်ငံရေးအရဆုတ်ယုတ်မှုတွေ  တောင်ရှိခဲ့ရတဲ့အပေါ်မှာ ၂၀၀၈ ကိုဖျက်ပြီး လူထုတိုက်ပွဲနဲ့ပဲသွားရမယ်၊ ရွေးကောက်ပွဲတွေကို No Vote ပါဆို  တဲ့အသံပြန်ထွက်လာမှုကို ကျနော့်အနေနဲ့တော့ ပဉ္စသိင်္ခရဲ့ဆောင်းသံလိုပဲ သတိပေးလိုက်သံအဖြစ်ခံယူမိ ပါတယ်။ အဲ့ဒီအသံတွေဟာ နောက်တစ်ဆင့်ဘာတွေရှိလဲဆိုတာ ပါချင်မှပါပါမယ်။ လူထုတိုက်ပွဲကိုဘယ်လို ဖော်မယ်ဆိုတာ ချမှတ်ထားတာမျိုးရှိချင်မှလည်းရှိမယ်၊ ရှိချင်လည်းရှိမယ်။ သို့သော်လည်း ဒီလိုအသံထွက်လိုက်တာဟာ ကျနော့်လိုပဲ ၂၀၀၈ ဘောင်ထဲကဝင်ပြီး ၂၀၀၈ ကိုပြင်ဆင်ဖို့တဖြည်းဖြည်းကြိုးပမ်းသွားလိုသူတွေအတွက်တော့ NLD ရဲ့ ငါး နှစ်တာဖြတ်သန်းမှုကိုသင်ခန်းစာယူ၊ မူလရည်ရွယ်ရင်းကိုဦးတည်ပြီး တစိုက်မတ်မတ်သွားဖို့နဲ့ အချိန် တစ်ခုဖြတ်ပြီးလို့မှ မှန်းသလောက်မဖြစ်ရင် အခြားနည်းနာတခုပြောင်းသင့်ရင်ပြောင်းဖို့ ကြိုတင်ပြီးစဉ်းစားထားဖို့လို  ပြီလို့ သတိပေးဆောင်းသံပေးလိုက်တာပဲလို့ မှတ်ယူမိပါတယ်။ NLD အနေနဲ့လည်း နောက် ငါး နှစ်သက်တမ်းကို  ဖြတ်သန်းချိန်မှာ အခုအသံတွေရဲ့သတိပေးမှုကို မပြတ်နှလုံးသွင်းပြီး ပြင်ဆင်သင့်တာတွေကိုပြင်ဆင်သွားသင့်မယ်လို့အကြံပြုချင်ပါတယ်။ ဒီအသံတွေကို အပစ်လို့မယူဆသင့်ဘဲ ဒီအသံတွေရဲ့ထိန်းကျောင်းမှုနဲ့အတူ မိမိတို့  လျှောက်မယ့်လမ်းကို ပိုမိုကောင်းမွန်အောင်ကြိုးစားပြင်ဆင်ခြင်းသာပြုလုပ်သွားသင့်ပါတယ်လို့ အကြံပြု တင်ပြပါ ရစေ။  

(ဒီဆောင်းပါးမှာတော့ ၂၀၁၀ မတိုင်ခင်က No Vote သံကို အခြေခံပြီးပြန်ထွက်လာတဲ့ ဒုတိယ No Vote အသံ နဲ့ ငါး နှစ်တာအလုပ်မဖြစ်မှုကြောင့် ရွေးကောက်ပွဲကိုစိတ်ပျက်သွားတဲ့ No Vote အသံတွေကိုသာ အဓိကရည် ညွှန်းပြီးဆွေးနွေးရေးသားခဲ့တာပါ။ တကယ်တော့ အခု No Vote ဆိုတဲ့အသံတွေထဲမှာ တစ်ဖက်ကတပ်မတော် နဲ့နီးတဲ့အုပ်စုတွေရဲ့ အခြားသောအကြံများနဲ့ No Vote အော်တာတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ မဲပေးမှုဟာ မဖြစ်မနေမဲပေးရမယ့်စနစ် (Compulsory Voting) မဟုတ်ပါဘူး။ မဖြစ်မနေမှာဆိုရင်တော့ မဲမပေး ရင် အရေးယူခံရတဲ့အထိပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် တစ်ဦးချင်းအရ မဲပေးမယ်၊ မပေးဘူးကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသလို ကိုယ်လုပ်သလို မဲပေးတာပဲဖြစ်ဖြစ် မဲမပေးတာဘဲ ဖြစ်ဖြစ်ကို အခြားသူတွေလိုက်လုပ်လာအောင်လည်း လွတ်လပ်စွာစည်းရုံးခွင့်ရှိတယ်လို့မြင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအကြံတစ်ခုနဲ့ No Vote လုပ်ဖို့စည်းရုံးမှုတွေကိုတော့ ဘာကြောင့်မဲပေးသင့်လဲ ဆိုတဲ့အတွေးအခေါ်နဲ့ပဲ ဒီမိုကရေစီနည်းလမ်းတကျအပြိုင်စည်းရုံးသင့်တယ်လို့မြင်မိပါတယ်။)  

(စာရေးသူကိုသွင်လင်းအောင်သည်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ကာမြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတွင်တောက်လျှောက်ပါဝင်ခဲ့သူဖြစ်ပြီးလက်ရှိတွင်ပြည်သူ့မိတ်ဆွေအဖွဲ့ (GPS) ၏ဒါရိုက်တာလည်းဖြစ်ပါသည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly