COVID-19 ကာကွယ်ဆေး တရားဝင်ထုတ်လုပ်နိုင်ပါက ဆေးရရှိမည့်နိုင်ငံများတွင် မြန်မာပါဝင်ရေးစီစဉ်နေ 

COVID-19 ကာကွယ်ဆေး တရားဝင်ထုတ်လုပ်နိုင်ပါက ဆေးရရှိမည့်နိုင်ငံများတွင် မြန်မာပါဝင်ရေးစီစဉ်နေ 
Photo - AFP

သြဂုတ် ၁၂

ရုရှားနိုင်ငံတွင် ဖော်စပ်ထုတ်လုပ်နေသော COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ခွင့်ပြုချက်ရရှိပါက ဆေးရရှိမည့်နိုင်ငံများစာရင်းတွင် မြန်မာပါဝင်ရေး ဆွေးနွေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 

Photo - AFP

 “ WHO  နဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဆွေးနွေးထားတာတွေ ရှိပါတယ်။ WHO ကတော့ တကယ်လို့ Vaccine (ကာကွယ်ဆေး) က တရားဝင်ရပြီဆိုရင် ကျွန်တော်တို့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေရော၊ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေပါ မကျန်ခဲ့အောင်ဆိုပြီးတော့ သူတို့က သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ နိုင်ငံပေါင်းစုံက ရရှိဖို့အတွက်ပါ” ဟု ‌ ၎င်းပြောသည်။ 

သြဂုတ်လ ၁၂ရက်တွင် ပြုလုပ်ခဲ့သော ကိုဗစ်ကာလအတွင်း ဘောလုံးပွဲများ ပြန်လည်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာလက်ရွေးစင်ဂိုးသမား ကိုသီဟစည်သူတို့နှင့် အွန်လိုင်းမှ အပြန်အလှန်ဆွေးနွေးသည့် အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

Photo - AFP

ရုရှားနိုင်ငံတွင် ဖော်စပ်ထုတ်လုပ်နေသော COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ခွင့်ပြုချက်ရရှိပါက  မြန်မာနိုင်ငံမှသက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဦးစွာပေးနိုင်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 

Photo - AFP

“အထူးသဖြင့် အနည်းဆုံး High Risk(အန္တရာယ်များသော) ပြည်သူတွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်တဲ့ဝန်ထမ်းတွေ ဒါတွေကို အနည်းဆုံးဦးစားပေးရရှိအောင် ကျွန်တော်တို့ စီစဉ်ထားတယ်ဆိုတာလေးကို တင်ပြလိုပါတယ်” ဟု ၎င်းက ပြောသည်။ 

ရုရှားနိုင်ငံမှ ထုတ်လုပ်လိုက်သော COVID-19ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အရည်အချင်းပြည့်မီခြင်းရှိ၊ မရှိ ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် ညိနှိုင်းဆွေးနွေးလျှက်ရှိသည်။ကာကွယ်ဆေးတရားဝင်ရရှိပါက ဝင်ငွေနည်းပါးသည့် နိုင်ငံများသာမက ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများပါရရှိစေရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးထားကြောင်းလည်း အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 

ရုရှားနိုင်ငံ၊ မော်စကိုမြို့ ဂါမာလီယာ ဌာနမှ ထုတ်လုပ်လိုက်သည့် Sputnik-V အမည်ရဆေးသည် ကမ္ဘာပေါ်တွင် ပထမဆုံး COVID-19ကာကွယ်ဆေးဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည့် ခံနိုင်ရည်စွမ်းအား အလုံအလောက်ရှိကြောင်း ရုရှားသမ္မတပူတင်က ပြောကြားခဲ့သည့်အကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါကာကွယ်ဆေးကို လူများတွင် စမ်းသပ်ကုသမှု နှစ်လနီးပါးကြာပြုလုပ်ပြီးနောက် ဆေးထုတ်လုပ်ရန် စည်းမျဉ်းပိုင်းဆိုင်ရာ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly