ကမ္ဘာ့ပထမဆုံးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို ရုရှားအတည်ပြု

ကမ္ဘာ့ပထမဆုံးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို ရုရှားအတည်ပြု

 သြဂုတ် ၁၂  

ရုရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်မျိုးကို စည်းမျဉ်းပိုင်းဆိုင်ရာ အတည်ပြုချက် ထုတ်ပေးသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ပြီဟု သမ္မတ ဗလာဒီမာ ပူတင်က သြဂုတ် ၁၁ ရက်တွင် ပြောကြားလိုက်သည်။  အဆိုပါ ရုရှား၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူများတွင် နှစ်လနီးပါးခန့် စမ်းသပ်ကုသခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုချက် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။  ယင်းသည် မော်စကို အစိုးရဘက်က စစ်အေးခေတ်ကာလ အာကာသပြိုင်ပွဲတွင်း ယင်း၏ အောင်မြင်မှုနှင့် ခိုင်းနှိုင်းသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။  ဆိုဗီယက်ယူနီယံက လွှတ်တင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးဂြိုဟ်တုကို ဂုဏ်ပြုသောအားဖြင့် ယခု ကာကွယ်ဆေးကို  “Sputnik V” ဟု ခေါ်ဆိုစေမည်ဖြစ်ကြောင်း သိရသည်။   

သို့သော် ယင်းကာကွယ်ဆေးသည် ယင်း၏ နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုများကို အပြည့်အ၀ ပြီးစီးသေးခြင်း မရှိသေးပေ။  ယင်းကဲ့သို့ နောက်ဆုံးအဆင့် စမ်းသပ်ချက် အလုံးစုံပြီးမြောက်မှု မတိုင်ခင် အတည်ပြုချက် ထုတ်ပေးသည့် မော်စကို၏ ဆုံးဖြတ်ချက်က ပညာရှင်တချို့အကြား စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

လက်တွေ့စမ်းသပ်မှုများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်ထားသည့်အတွက် မော်စကိုအစိုးရသည် ဘေးကင်းလုံခြုံရေးထက် နိုင်ငံဂုဏ်သိက္ခာကို ရှေ့တန်းတင်နိုင်သည့်အပေါ် သိပ္ပံပညာရှင်တချို့က ပူပန်နေကြသည်။ သို့သော် ရုရှားသမ္မတ ပူတင်နှင့် အခြားတာဝန်ရှိသူများကမူ ယင်းဆေးသည် လုံးလုံးလျားလျား ဘေးကင်းစိတ်ချရသည်ဟု ပြောသည်။  ၎င်း၏ သမီးတစ်ဦးသည်ပင် ယင်းကာကွယ်ဆေးကို စမ်းသပ်သုံးစွဲထားခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များ ရရှိခဲ့ကြောင်း ပူတင်က ပြောသွားခဲ့သေးသည်။

“ဒီဆေးက တော်တော်လေး ထိရောက်မှု ရှိတယ်လို့ ကျွန်တော်သိထားပါတယ်၊ အားကောင်းတဲ့ ခံနိုင်စွမ်းကိုလည်း ဖြစ်စေပါတယ်၊ ကျွန်တော် ထပ်ပြောပါမယ်၊ ဒီဆေးက လိုအပ်တဲ့ စစ်ဆေးမှု အားလုံးကို ဖြတ်ကျော်ထားပြီးပါပြီ” ဟု ပူတင်က အစိုးရ အစည်းအဝေးတစ်ရပ်တွင် ပြောသွားသည်။  မော်စကိုရှိ Gamaleya Institute က ဖန်တီးထားသော အဆိုပါ ကာကွယ်ဆေးကို ယခုနှစ်ကုန်တွင် အမြောက်အမြား ထုတ်လုပ်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ရုရှားစီးပွားရေးလုပ်ငန်းစုကြီး Sistema ကလည်း ပြောသွားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly