အင်ဒို-ပစိဖိတ်၌ တရုတ်စစ်တပ်ထက် အင်အားသာစေရန် အမေရိကန် ရည်မှန်းနေ 

အင်ဒို-ပစိဖိတ်၌ တရုတ်စစ်တပ်ထက် အင်အားသာစေရန် အမေရိကန် ရည်မှန်းနေ 

သြဂုတ် ၁၁ 

တရုတ်ထံမှ ခြိမ်းခြောက်မှုတိုင်းကို တန်ပြန်နိုင်မည့် ပစ်အားနှင့် တပ်ဖွဲ့ဝင်အရေအတွက် လုံလုံလောက်လောက် ရှိစေရေးအလို့ငှာ အမေရိကန်သည် အင်ဒို-ပစိဖိတ် ဒေသတွင် ယင်း၏ စစ်တပ် တပ်ဖြန့်မှုများကို ပြန်လည်သုံးသပ်နေကြောင်း အကဲဖြတ်များက ပြောသည်။ 

အမေရိကန် ကြည်းတပ်ဦးစီးချုပ် ဂျိမ်းစ် မက် ကွန်ဗီလီသည် မကြာသေးမီကာလအတွင်း ဝါရှင်တန်အခြေစိုက် think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့) တစ်ခုဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှု စင်တာက ကြီးမှူးကျင်းပသော အွန်လိုင်းအခမ်းအနားတစ်ခုသို့ တက်ရောက်စဉ် ၎င်းအနေဖြင့် “long Range Precision Fires” ဒုံးကျည်စနစ်ကို ၎င်း၏ ဦးစားပေးအဖြစ် သတ်မှတ်လုပ်ဆောင်နေကြောင်း၊ အမေရိကန်၏ အခြိမ်းအခြောက် အဟန့်အတား မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းကဲ့သို့သော လက်နက်စနစ်များကို အင်ဒို-ပစိဖိတ်တွင် အခြေစိုက်နိုင်မည့် နည်းလမ်းများကို လေ့လာနေကြောင်း ပြောသွားခဲ့သည်။ 

“အပြောင်းအလဲတွေက တရုတ်နဲ့ ရုရှားလိုမျိုး ဖြစ်နိုင်ဖွယ် ရန်သူတွေထက် ပိုပြီး အင်အားသာလွန်စေနိုင်မယ့် အခွင့်အရေး ကျွန်တော်တို့ကို ပေးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် အဆိုပါ လုပ်ဆောင်ချက်တွင် ကြည်း၊ ရေ၊ လေ၊ အာကာသ၊ ဆိုက်ဘာ နယ်ပယ်အားလုံးအကြား ပူးပေါင်း အထူးတပ်ဖွဲ့များ ထူထောင်ခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

မက် ကွန်ဗီလီ၏ ပြောဆိုချက်များမတိုင်မီ အမေရိကန် မရိန်းတပ်ဖွဲ့ ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဒေးဗစ် ဘာဂျာကလည်း ပြီးခဲ့သည့် မတ်လက ၎င်း၏ “Force Design 2030” အစီအစဉ်တွင် ပြောကြားခဲ့ရာတွင် ၎င်းအနေဖြင့် မြေပြင်စစ်ပွဲတွင် မရိန်းတပ်သားများ၏ အခန်းကဏ္ဍကို လျှော့ချချင်ကြောင်းနှင့် အဆိုပါ တာဝန်ဝတ္တရားများအနက် အများစုကို ပုံမှန် တပ်ဖွဲ့ဝင်များထံ ချန်ထားခဲ့ချင်ကြောင်း ပြောသွားခဲ့သည်။ 

တချိန်တည်းမှာပင် အမေရိကန်စစ်တပ် အမျိုးသားအစောင့်တပ်ကလည်း ယင်းအနေဖြင့် ဒေသတွင်းရှိ မြေပြင်စစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းအားကို မြှင့်တင်နိုင်ရန်အတွက် ယင်း၏ တပ်မ ဌာနချုပ်ရှစ်ခု၏ ကွပ်ကဲမှုအောက်ရှိ ယင်း၏ တပ်ဖွဲ့အများစုကို ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု အမေရိကန် စစ်တပ်သတင်းစာ Stars and Strips က သြဂုတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။ 

ထိုကဲ့သို့ အလုံးစုံ ပြုပြင်ပြောင်းလဲမှုက တရုတ်ကို ထိန်းချုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ဟောင်ကောင် အခြေစိုက် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ Song Zhongping က ပြောသည်။ 

“အမေရိကန်က ကြည်း၊ ရေ၊ လေ၊ အာကာသမှာ ယင်းရဲ့ ပစ်အား စနစ်တွေကို ပေါင်းစည်းခြင်းအားဖြင့် ယင်းရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို မြှင့်တင်သွားဖို့ ဆန္ဒရှိနေပါတယ်၊ အဲဒါတွေကို စွမ်းအားထက်တဲ့ ပူးပေါင်း စစ်ဆင်ရေး တိုက်ခိုက်မှုစနစ်တစ်ခုအနေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းစည်းစေဖို့ ဆန္ဒရှိနေပါတယ်” ဟု ၎င်းက ပြောသည်။ 

“ရည်ရွယ်ချက်ကတော့ အရှေ့နဲ့ တောင် တရုတ်ပင်လယ်တွေမှာ လမ်းကြောင်းတွေ အားလုံးကို ပိတ်ဆို့ဖို့ပါပဲ၊ နောက်ပြီး စစ်အေးကာလအတွင်း ဝါရှင်တန်တို့ ထူထောင်ထားခဲ့တဲ့ “first island chain” ဧရိယာကို တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေယာဉ်စုတွေက ချိုးဖောက်တာမျိုး မလုပ်နိုင်အောင် တားဆီးဖို့အတွက် ယင်းရဲ့ ဒေသတွင်း မဟာမိတ်တွေနဲ့ အတူ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ယခင်လက တိုကျိုသို့ သွားသည့် ခရီးစဉ်တစ်ခုအတွင်း ဘာဂျာသည် ၎င်းနှင့်အဆင့်တူ ဂျပန် စစ်ဘက်အရာရှိကြီးနှင့် တွေ့ဆုံပြီး အိုကီနာဝါတွင် ရွှေ့ပြောင်းနိုင်သည့် အမေရိကန် မရိန်းတပ်ဖွဲ့များ ဖြန့်ကျက်နိုင်မည့် အလားအလာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ 

၎င်းတို့ကို သင်္ဘောဖျက်ဒုံးများ နှင့် လေကြောင်းရန် ကာကွယ်ရေး ဒုံးများဖြင့် လက်နက်တပ်ဆင်မည်ဖြစ်ပြီး တရုတ်စစ်တပ် ပစိဖိတ်သို့ အလွယ်တကူ ဝင်လာခြင်းကို တားဆီးရန် ဂျပန်တပ်ဖွဲ့များနှင့် အနီးကပ် လုပ်ဆောင်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

Stars and Strips ၏ ဖော်ပြချက်တစ်ခုအရ အမေရိကန်စစ်တပ်သည် ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘော USS America ပေါ်တွင် F-35B Lightning ll တိုက်လေယာဉ် ဒါဇင်နှင့်ချီ ဖြန့်ကျက်မှုအပါအဝင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ထားခဲ့ကြောင်း သိရသည်။ 

ယင်း လေ့ကျင့်မှုက PLA ၏ ရေတပ်နှင့် လေတပ် တိုက်ခိုက်ရေး စွမ်းရည် ချဲ့ထွင်ခြင်းအပေါ် တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပေကျင်းအခြေစိုက် ရေတပ်ဆိုင်ရာ ကျွမ်းကျင်သူ Li Jie က ပြောသည်။ 

“ အမေရိကန်က သူတို့ရဲ့ ရေယာဉ်စုတွေ အနောက် ပစိဖိတ်ကနေ မောင်းထုတ်ခံရမှာကို စိုးရိမ်နေတာပါ” ဟု ၎င်းက ပြောသည်။ 

PLA သည် ကမ်းလွန်တိုက်ပွဲတစ်ခု ဖြစ်ခဲ့လျင် အမေရိကန်ရေယာဉ်စုကို ယှဉ်ပြိုင်နိုင်မည့် လုံလောက်သည့် ပစ်အား ရှိထားသည်ဟု Li က ပြောသည်။ 

“အကွာအဝေး ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အထိ ရောက်နိုင်တဲ့ တရုတ်ရဲ့ Type PCL191 အတွဲလိုက်ပစ် ဒုံးကျည်စနစ်နဲ့ အခြား ဒုံးကျည် လောင်ချာတွေက ထိပ်တိုက်တွေ့မယ့် စစ်ပွဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အထိရောက်ဆုံးနဲ့ စရိတ်အနည်းဆုံး ရွေးချယ်စရာတွေဖြစ်ကြပါတယ်” ဟု ၎င်းက ပြောသည်။ 

“နောက်ပြီး PLA ဟာ F-35 နဲ့ အခြားအဆင့်မြင့် အီလက်ထရောနစ် စစ်လက်နက်တွေကို ခြေရာခံစောင့်ကြည့်ဖို့ ကြိမ်နှုန်းမြင့် surface wave ရေဒါစနစ်သစ်တစ်ခုကိုလည်း ထုတ်လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။ 

အမေရိကန်တို့အတွက် ယင်း၏ ထိန်းချုပ်မှု မဟာဗျူဟာနှင့်ပတ်သက်၍ ရင်ဆိုင်ရဖွယ် ရှိသည့် အကြီးဆုံးအခက်အခဲသည် ယင်း၏ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်ဟု Song က ပြောသည်။ 

“ ပေကျင်းရဲ့အကောင်းဆုံးသော တန်ပြန်လုပ်ဆောင်ချက်ကတော့ အဲဒီ မဟာမိတ်ဖွဲ့မှုကို နှောင့်ယှက်ဖို့ပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

“ခုလောလောဆယ်မှာတော့ သြစတြေးလျ တစ်နိုင်ငံတည်းကပဲ အမေရိကန်ဘက်ကို နားထောင်နေပါတယ်၊ ကျန်တဲ့ ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အခြား အာဆီယံအဖွဲ့ဝင်လို အခြား မဟာမိတ်တွေကတော့ ဆုံးဖြတ်ရခက်နေသလို သူတို့ဟာ ပေကျင်းနဲ့ ဝါရှင်တန်အကြား ဘယ်ဘက်ကိုမှ မလိုက်ချင်ဘဲ ဖြစ်နေကြပါတယ်” ဟု ၎င်းက ပြောသွားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly