ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် လုံခြုံရေးဥပဒေသစ်အောက်တွင် ဖမ်းဆီးခံရ 

ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် လုံခြုံရေးဥပဒေသစ်အောက်တွင် ဖမ်းဆီးခံရ 

သြဂုတ် ၁၀ 

ဟောင်ကောင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ကို သြဂုတ် ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ 

၎င်းသည် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် ပေကျင်းအစိုးရ ပြဋ္ဌာန်းသော ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်အောက်တွင် အဖမ်းခံရသည့် လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ 

အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရန်အတွက် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်း လိမ်လည်ညှိနှိုင်းမှု သံသယဖြင့် အသက် ၃၉ နှစ်မှ အသက် ၇၂ နှစ်အကြား အသက်အပိုင်းအခြားရှိ လူ ခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

မစ္စတာ လိုင် တည်ထောင်ထားသည့် Apple Daily သတင်းစာ၏ ဖော်ပြချက်အရ ဖမ်းဆီးခံရသူများထဲတွင် မစ္စတာ လိုင်၏ သားများဖြစ်သည့် တီမိုသီ နှင့် အိုင်ယန်တို့ နှစ်ဦးလည်း ပါဝင်ခဲ့သည်ဟု သိရသည်။ 

ဗဟိုအစိုးရ အာဏာကိုထိပါးခြင်း၊ နိုင်ငံမှ ခွဲထွက်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းလိမ်လည်ညှိနှိုင်းခြင်း တို့ ပြစ်မှုများအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သလို တရုတ်ပြည်မကြီးတွင် တရားစွဲဆိုအမှုရင်ဆိုင်ရနိုင်ခြင်း တို့ ရှိနိုင်သည်ဟု အမျိုးသားလုံခြုံရေးဥပဒေက ပြဋ္ဌာန်းထားသည်။ 

ယခုကဲ့သို့ မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် အဖမ်းခံရပြီးနောက် ၎င်း၏ မီဒီယာကုမ္ပဏီ Next Digital ၏ ရှယ်ယာတန်ဖိုးများသည်လည်း မနက်ခင်းရောင်းဝယ်မှုတွင် ၁၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျသွားခဲ့သည်။ သို့သော် ကုမ္ပဏီအပေါ် ထောက်ခံကြောင်း ပြသရန် တက်ကြွလှုပ်ရှားသူများ၏ အွန်လိုင်း တောင်းဆိုမှုတစ်ခု ထွက်ပေါ်ပြီးနောက် ယင်းနေ့ နေ့လည်ခင်းတွင် ရှယ်ယာတန်ဖိုးများ ပြန်တက်လာခဲ့သည်။ 

အလားတ ဟောင်ကောင် ရဲဝန်ထမ်း ၂၀၀ ခန့်သည် ရှာဖွေစစ်ဆေးမှု လုပ်ဆောင်ရန် ကုမ္ပဏီ ဌာနချုပ်သို့ ရောက်လာခဲ့ကြောင်း Apple Daily က ထုတ်ပြန်သွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly