ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်အထိ ရှိလာ 

ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်အထိ ရှိလာ 

သြဂုတ် ၉ 

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် သြဂုတ် ၈ ရက်တွင် တစ်သိန်းကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည်လည်း သုံးသန်းကျော်အထိ ရှိနေကြောင်း ယင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

လူဦးရေ ၂၁၂ သန်း ရှိနေသော အဆိုပါ တောင်အမေရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀,၄၇၇ ဦးနှင့် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃,၀၁၂,၄၁၂ ဦးအထိ ရှိနေပြီဖြစ်ကာ လက်ရှိအချိန်တွင် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဒဏ် ဒုတိယမြောက် အဆိုးရွားဆုံး ခံနေရသည့် နိုင်ငံလည်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအသစ် ၉၀၅ ဦးနှင့် ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၄၉,၉၇၀ ဦး ထပ်တွေ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

သို့သော် အဆိုပါ တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများသည် အမှန်တကယ် ရှိနေသည့် ကိန်းဂဏန်းများထက် လျှော့ပေါ့ရေတွက်ထားဖွယ် ရှိနေသည်ဟု သိရသည်။ ယင်းနိုင်ငံတွင် ဗိုင်းရပ်စ် စစ်ဆေးမှုပိုင်း လုံလုံလောက်လောက် လုပ်မထားနိုင်ခြင်းကြောင့် အမှန်တကယ် ကူးစက်ခံရသူစုစုပေါင်းအရေအတွက်သည် ယခုထက် ခြောက်ဆအထိ ပိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းလျက် ရှိသည်။ 

ဘရာဇီးသည် လူတစ်သန်းလျင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၇၈ ဦးနှုန်း ရှိထားရာ ယင်းက အမေရိကန်၏ ၄၈၇ ဦးနှုန်းနှင့် တူညီသော ကိန်းဂဏန်းမျိုး ဖြစ်သည်။ သို့သော် ယင်းသည် စပိန်၏ ၆၀၉ ဦး သို့မဟုတ် အီတလီ၏ ၅၈၃ ဦးနှင့် ယှဉ်ပါက နည်းပါးနေသည်။ 

ယခုအခါ နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်သိန်းကျော်တို့အတွက် ရည်စူးပြီး ကွန်ဂရက်တွင် လေးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်သတ်မှတ်ကြောင်း ဘရာဇီး ဆိနိတ်ဥက္ကဌ ဒါဗီ အယ်လ်ကိုလမ်ဘရီ ကြေညာသွားခဲ့သည်။ 

ဘရာဇီးနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် လက်ရှိအချိန်တွင် အရှိန်နှေးကွေးသွားသည့် လက္ခဏာရပ်များ ပြသခြင်း မရှိသေးကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly