ရုရှ တရုတ်နှင့် အီရန်တို့က အမေရိကန် ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးစားနေဟု ဆို

ရုရှ တရုတ်နှင့် အီရန်တို့က အမေရိကန် ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးစားနေဟု ဆို

ဩဂုတ် ၈

ရုရှ၊ တရုတ်နှင့် အီရန်နိုင်ငံတို့က ၂၀၂၀ သမ္မတ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ရန် ကြိုးစားနေသည်ဟု အမေရိကန် ထိပ်တန်း တန်ပြန်ထောက်လှမ်းရေး အရာရှိက သောကြာနေ့တွင် ပြောသည်။

ရုရှနိုင်ငံသည် ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကို သပ်လျှိုရန် ကြိုးစားခဲ့သည်ဟု အမျိုးသား တန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာ ညွှန်ကြားရေးမှူး ဝီလီယံအီဗန်နီနာက ပြောသည်။

အဆိုပါ သုံးနိုင်ငံသည် အွန်လိုင်းသတင်းမှားများကို အသုံးချပြီး မဲပေးပြည်သူများကို လွှမ်းမိုးနိုင်အောင် ကြိုးစားနေသည်ဟု ရှားရှားပါးပါး အများပြည်သူသို့ ထုတ်ပြန်ချက်၌ ၎င်းက ပြောသည်။

ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်း အမေရိကန် မဲပေးပြည်သူများ၏ ယုံကြည်မှုများကို ယင်းသုံးနိုင်ငံက ယိုင်နှဲ့နေကြောင်း ၎င်းက ပြောသည်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ၌ ကြားဝင်စွက်ဖက်မှုများကို မည်သို့ တုံ့ပြန်မည်နည်းဟု နယူးဂျာစီက သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခံရရာတွင် သမ္မတ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့အနေနဲ့ သူတို့တွေကို စောင့်ကြည့် သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့ တော်တော်လေး သတိထားသွားမှာ ဖြစ်ပါတယ်။”ဟု ပြန်လည်ဖြေကြားသည်။

ရုရှ၊ တရုတ်နှင့် အီရန်တို့သည် ရွေးကောက်ပွဲ၌ ၎င်းကို ရှုံးနိမ့်စေလိုနေသည်ဟု ယုံကြည်ထားကြောင်းလည်း ထရမ့်က ထပ်လောင်း ပြောသည်။

ပြည်ပရန်ဖက်နိုင်ငံများသည် မဲပေးလုပ်ငန်းစဉ်များအား ဖျက်လိုဖျက်ဆီး လုပ်ခြင်း၊ ရွေးကောက်ပွဲအချက်အလက်များ ခိုးယူခြင်းများဖြင့် အမေရိကန်ရွေးကောက်ပွဲစနစ်ကို ကြားဝင်စွက်ဖက်ရန် ကြိုးစားဖွယ်ရှိသည်။

“မဲရလဒ်အပေါ် ကြိုးကိုင်ချယ်လှယ်ဖို့၊ ကြားဝင်စွက်ဖက်ဖို့ကတော့ ကျွန်တော်တို့ရဲ့ ရန်ဖက်နိုင်ငံတွေအနေနဲ့ ခက်ခဲလိမ့်မှာ ဖြစ်ပါတယ်။”ဟု အီဗန်နီနာက ပြောသည်။

၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှနိုင်ငံသည် ထရမ့် အနိုင်ရပြီး ပြိုင်ဖက် ဟီလာရီကလင်တန် ရှုံးနိမ့်အောင် ကြားဝင်စွက်ဖက်ခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက ကောက်ချက်ချထားသည်။

ထရမ့်က ယင်း တွေ့ရှိချက်များကို ရေရှည် အပြစ်ဆိုပြီး ရုရှကလည်း ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly