မဲခေါင်မြစ်ရေစီးဆင်းမှုလျော့ကျလာခြင်းကြောင့် ဆည်လုပ်ငန်းဆိုင်ရာအချက်အလက်များပိုမိုဝေမျှရန် MRC တိုက်တွန်း

မဲခေါင်မြစ်ရေစီးဆင်းမှုလျော့ကျလာခြင်းကြောင့် ဆည်လုပ်ငန်းဆိုင်ရာအချက်အလက်များပိုမိုဝေမျှရန် MRC တိုက်တွန်း

ဩဂုတ် ၇

မဲခေါင်မြစ်အတွင်း ရေစီးဆင်းမှုသည် နှစ်,နှစ်ဆက်တိုက် စံချိန်တင် လျော့ကျခဲ့မှုကြောင့် တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်၍ အချက်အလက်များပိုမိုဝေမျှရန် မဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာကော်မရှင် (MRC) က သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။  

ကော်မရှင်အစီရင်ခံစာတွင် နှစ်,နှစ်ဆက်တိုက် မိုးရေချိန်နည်းပါးမှုကြောင့် ရေလယ်ဗယ်ကျဆင်းခြင်းနှင့် လာအိုနိုင်ငံ မဲခေါင်မြစ်လက်တက်များပေါ်ရှိ ဆည်များအပါအဝင် မဲခေါင်ရေအားလျှပ်စစ်ထုတ်လုပ်သည့် ဆည် ၁၃ ခု ( လာအိုတွင် ၂ ခုနှင့်တရုတ်တွင် ၁၁ ခု) တို့၏ လုပ်ငန်းလည်ပတ်မှုများကို ထည့်သွင်းဖော်ပြထားသည်။ မဲခေါင်မြစ်သည် မြန်မာနိုင်ငံ၏ နယ်မြေတစ်စိတ်တစ်ပိုင်းကိုလည်း ဖြတ်သန်းစီးဆင်းသည်။

ငါးလုပ်ငန်းနှင့်ဆည်မြောင်းစနစ် အလားအလာများ ဆုံးရှုံးမှုကြောင့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံစသည့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများရှိ လူမှုအသိုက်အဝန်းများစွာအပေါ် ဆိုးကျိုးများသက်ရောက်နိုင်ကြောင်း အစီရင်ခံစာ၌ဖော်ပြထားသည်။  

“မဲခေါင်ဒေသ ခြောက်နိုင်ငံအနေနဲ့ ဆည်နဲ့ ရေအခြေခံအဆောက်အအုံဆိုင်ရာ သတင်းအချက်အလက်တွေကို မဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာကော်မရှင် (MRC) နဲ့အတူ ပွင့်လင်းမြင်သာပြီး မြန်ဆန်တဲ့နည်းလမ်းနဲ့ ပိုမိုဝေမျှကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု MRC ၏ အမှုဆောင်အရာရှိချုပ် An Pich Hatda က တိုက်တွန်းလိုက်သည်။  

အရှေ့တောင်အာရှ၏အကြီးဆုံး ကမ္ဘောဒီးယားရှိ Tonle Sap ရေချိုကန်တွင် ဒုတိယနှစ်အဖြစ် ရာသီအလိုက်ရေစီးဆင်းခြင်းနှေးကွေးမှု ဖြစ်ပေါ်ခဲ့သောကြောင့် ငါးဖမ်းလုပ်ငန်းကို အကြီးအကျယ်ထိခိုက်ခဲ့ပြီး လူတစ်သန်းကျော်အတွက် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိသည်။  

မဲခေါင်မြစ်သည် ပုံမှန်အားဖြင့် Tonle Sap မြစ်နှင့်ပေါင်းဆုံသည့်နေရာတွင် မိုးရာသီအချိန်အခါ၌ ရေလျှံမှုဖြစ်ကာ ဇွန်လဝန်းကျင်တွင် ရေကန်ထဲသို့ ရှားရှားပါးပါး ရေပြောင်းပြန်စီးဆင်းမှု ဖြစ်ပေါ်စေသည်။  

ယခုနှစ်ရေပြောင်းပြန်စီးဆင်းမှုကို ယခုသီတင်းပတ်တွင်မှ တွေ့ရသည်ဟု ကမ္ဘောဒီးယားရေအရင်းအမြစ်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chan Yutha က ဆိုသည်။  

ယခုလ၌ အပူပိုင်းမုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာသွန်းခဲ့ပြီး အချို့နေရာများတွင် ရေအမြင့်ပေ မြန်ဆန်စွာတိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်။

မဲခေါင်နိုင်ငံများအနေဖြင့် မိုးခေါင်ရေရှားမှုဆိုင်ရာအစီအမံများကို အကောင်အထည်ဖော်သင့်ပြီး ရေသိုလှောင်သည့်အော်ပရေတာများအား ရေပိုမိုလွှတ်ရန်နှင့် ရေသွယ်သူများမှလည်း အသုံးပြုမှုလျှော့ချရန် တောင်းဆိုသင့်သည်ဟု MRC ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

လက်ရှိအခြေအနေအတိုင်း ဆက်လက်ဖြစ်နေမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ဆည်နှင့်ရေလှောင်ကန်များမှ  ရေများထုတ်လွှတ်ပေးရန် သို့မဟုတ် ရေထောက်ပံ့ပေးရန် အစီရင်ခံစာ၌ တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly