စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးကို ပုဒ်မပြောင်းပြီး အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးကို ပုဒ်မပြောင်းပြီး အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဩဂုတ် ၆
 

COVID-19 ကာလအတွင်း လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့်အတွက် တရားရင်ဆိုင်နေရသောတရားဟောဆရာ စောဒေးဗစ်လားနှင့် နဝတ်ရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ နှစ်ဦးကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) ဖြင့် ဩဂုတ်လ ၆ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။

၎င်းတို့နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) ဖြင့် ပထမ တရားစွဲဆိုခဲ့သော်လည်း ဒေသန္တရအမိန့်ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေး ပေါ်ပေါက်သည့်အတွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) ဖြင့် ပုဒ်မပြောင်း အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောသည်။

“တရားခံ ဦးဝေထွန်းနဲ့ စောဒေးဗစ်(ခ) ဒေးဗစ်လားတို့သည် မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသန္တရအမိန့်ကို လိုက်နာရန် ပျက်ကွက်သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဥပဒေပုဒ်မ ၃၀ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၃ လစီကျခံစေရန်နဲ့ ချုပ်ရက်များအား ထောင်ဒဏ်မှ ထုတ်နှုတ်ခံစားခွင့်ပြုကြောင်း ဖြေကြားလိုပါတယ်။” ဟု မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက
သတင်းထောက်များကို ဖြေကြားခဲ့သည်။

ယခုအမှုသည် အလျှင်အမြန်ဆောင်ရွက်ရမည့် မှုခင်းအမျိုးအစားထဲတွင် ပါဝင်သည့်အတွက် သုံးလအတွင်း အပြီးသတ်အမိန့်ချမည်ဟု တရားရုံးက ပြောဆိုခဲ့ရာ နှစ်လကျော်ကြာ စစ်ဆေးပြီးနောက်ဒီကနေ့ (၁၆) ကြိမ်မြောက်ရုံးချိန်းတွင်ထိုသို့အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) ဟာ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဒေသန္တရအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တရားစွဲနိုင်သည့် ပုဒ်မဖြစ်ပြီး တစ်နှစ်ထက်ပိုသော ပြစ်ဒဏ်ကို ချမှတ်နိုင်လို ငွေဒဏ်လည်း ချမှတ်နိုင်သည်။

သူတို့နှစ်ဦးကို ချုပ်ရက်ခံစားခွင့်နှင့် အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်လိုက်တာ ဖြစ်ပြီး ငွေဒဏ်မပါဘူးလို့ သူတို့နှစ်ဦးဖက်က အမှုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေဦးအောင်ကြည်ဝင်းက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်ဝင်းက “အခုအမိန့်ချလိုက်တာက ၃၀ (က) နဲ့ ထောင်ဒဏ် သုံးလုံးအမိန့်ချမှတ်လိုက်တာပါ။ ချုပ်ရက်ခံစားခွင့်ကတော့ ထုံးစံပဲလေ။ အပြစ်ဒဏ်ပေးတယ်ဆိုရင်ချုပ်ရက်ခံစားခွင့် ရတာပဲ။ ငွေဒဏ်မပါဘူး။” ဟု ပြောသည်။

ယခုအမှုတွင် တရားလိုပြသက်သေ ၁၂ ဦး၊ ပြန်ခေါ်သက်သေ နှစ်ဦးနှင့် တရားခံပြ သက်သေခြောက်ဦးကို မရမ်းကုန်းမြို့နယ်တရားရုံးက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ယနေ့ရုံးချိန်းတွင် သူတို့နှစ်ဦးအား ထောက်ခံသူများက လာရောက်ဝန်းရံခဲ့ကြပြီး အခုအမိန့်ချမှတ်လိုက်တဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်း လာရောက်ဝန်းရံသူ တစ်ဦးက ပြောပါတယ်။

“သူငယ်ချင်းအတွက်ကတော့ ကောင်းပါတယ်။ ဝမ်းသာတာပေါ့လေ။ ချက်ချင်းမလွတ်ဘူး ဆိုပေမယ့်။ရက်ပြည့်ရင်တော့ လွတ်သွားမှာပေါ့။ သုံးလ ချတာ။ မပြည့်သေးဘူး။ နှစ်ပတ်လောက် နေရအုံးမယ်။” ဟု
လာရောက်ဝန်းရံသူ ဦးဝင်းမောင်က ပြောသည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19  ကမ္ဘာ့ကပ်ရောဂါကြောင့် ပွဲလမ်းသဘင်များ၊ လူစုလူဝေးများဖြင့် ကျင်းပမည့် အခမ်းအနားများကို ဧပြီလ ၃၀ ရက်နေ့အထိ မပြုလုပ်ရန် အစိုးရကမတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ဦးသည် ဧပြီလ ၇ ရက်နေ့က လူစုလူဝေးဖြင့်ဘုရားဝတ်ပြုခြင်း၊ ဓမ္မတေးသီချင်း သီဆို ဆုတောင်းခြင်းများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့်အတွက် မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်ကတရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို မေလ ၂၀ ရက်နေ့တွင် ဖမ်းဆီးပြီး ရုံးထုတ်ရမာန်ယူခဲ့ရာ ယခုအလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်ရာတွင် ချုပ်ရက်ခံစားခွင့် ပါဝင်သည့်အတွက် နှစ်ပတ်ခန့်အကြာတွင် အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly