ဘေရွတ် ပေါက်ကွဲမှုနောက်ကွယ်

ဘေရွတ် ပေါက်ကွဲမှုနောက်ကွယ်

ဩဂုတ် ၆

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော ဧရာမပေါက်ကွဲမှုကြီးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်မှာပင် တာဝန်ရှိသူများက ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတစ်ခုကို ထောက်ပြခဲ့ကြသည်။   

၂၀၁၃ ခုနှစ်က မိုဇမ်ဘစ်နိုင်ငံသို့ဦးတည်ထွက်ခွာလာသော ရုရှားပိုင် MV Rhosus ကုန်စည်တင်သင်္ဘောသည် အမိုနီယမ်နိုက်ထရိတ် မက်ထရစ်တန်ချိန် ၂ ၇၅၀ ကို တင်ဆောင်လာခဲ့ပြီး ဘဏ္ဍာရေးအခက်အခဲကြောင့် ဘေရွတ်မြို့တွင် ဆိုက်ကပ်ရပ်နားခဲ့ရကာ ထိုအခြေအနေကြောင့် သင်္ဘောပေါ်ပါ ရုရှားနှင့်ယူကရိန်းသင်္ဘောသားများကို ဆူပူအုံကြွမှုဖြစ်စေခဲ့ကြောင်း CNN က ဆန်းစစ်လေ့လာခဲ့သော စာရွက်စာတမ်းများအရသိရသည်။  

အဆိုပါကုန်စည်တင်သင်္ဘောသည် ရေပေါ်ကဗုံး ကဲ့သို့ အန္တရာယ်ကြီးမားကြောင်း သတိပေးမှုများရှိနေသော်လည်း ဆိုက်ကပ်ပြီးကတည်းက ဆိပ်ကမ်းမှ လုံးဝမထွက်ခွါခဲ့ကြောင်း လက်ဘနွန်အကောက်ခွန်ဒါရိုက်တာ Badri Daher က ပြောသည်။

“သင်္ဘောထဲမှာ သိုလှောင်ထားတဲ့ပစ္စည်းတွေက ရာသီဥတုအခြေအနေနဲ့ဆို အန္တရာယ်အလွန်များတဲ့အတွက် ဆိပ်ကမ်းဘေးကင်းအောင် ပစ္စည်းတွေ ပြန်ပို့ဖို့ ဆိပ်ကမ်းအာဏာပိုင်တွေကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်က အဆုံးအဖြတ်ပေးနိုင်မယ့်လူဆီ စာရေးသားခဲ့ပါတယ်” ဟု ဆိပ်ကမ်းအကောက်ခွန်ဆိုင်ရာ ဒါရိုက်ဟောင်းဖြစ်သူ Chafic Merhi ကပြောသည်။  

လက်ဘနွန်အာဏာပိုင်များက ပေါက်ကွဲမှုအကြောင်းရင်းပြောဆိုရာတွင် MV Rhosus ကုန်စည်တင်သင်္ဘောကိစ္စ မပြောဆိုခဲ့သော်လည်း ဝန်ကြီးချုပ် Hassan Diab က ကုန်လှောင်ရုံ၌ ခြောက်နှစ်ကြာသိုလှောင်ထားသည့် အမိုနီယမ်နိုက်ထရိတ်များကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

အာဏာပိုင်များသည် သိမ်းဆည်းခဲ့သည့် ပေါက်ကွဲမှုအားပြင်းသော အဆိုပါပစ္စည်းများကို ဘေရွတ်မြို့လူစည်ကားသည့်နေရာများနှင့် မိနစ်ပိုင်းလမ်းလျှောက်ရုံမျှသာဝေးသော ကုန်လှောင်ရုံ၌ သိုလှောင်ထားခဲ့ကြောင်း လက်ဘနွန် အထွေထွေလုံခြုံရေးအကြီးအကဲက ပြောသည်။ ဩဂုတ်လ ၄ ရက်က ပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၁၃၅ ဦးသေဆုံးကာ ၅ ၀၀၀ ကျော် ဒဏ်ရာရှိခဲ့သည်။

၂၀၁၃ ခုနှစ်က ဂျော်ဂျီယာနိုင်ငံ ဘာတူမီမြို့မှထွက်ခွါခဲ့သော အမိုနီယမ်နိုက်ထရိတ် မက်ထရစ်တန်ချိန် ၂ ၇၅၀ ကို တင်ဆောင်လာသည့် ရုရှားပိုင် MV Rhosus သင်္ဘောသည် ဆီဖြည့်ရန် ဂရိတွင် ရပ်နားခဲ့သည်ဟုဆိုသည်။ ထိုစဉ်က သင်္ဘောပိုင်ရှင်ဖြစ်သည့် Teto Shipping ကုမ္ပဏီမှ Igor Grechushkin က ၎င်းအနေဖြင့် ငွေကြေးအဆင်မပြေသဖြင့် ကုန်ကျစရိတ်ကာမိရန် ကုန်စည်များထပ်မံတင်ရမည်ဖြစ်ကြောင်း သင်္ဘောပေါ်က ရုရှားနှင့် ယူကရိန်းသင်္ဘောသားများကို ပြောခဲ့သောကြောင့် MV Rhosus ကုန်စည်တင်သင်္ဘောသည် ဘေရွတ်မြို့သို့ လမ်းကြောင်းပြောင်းခဲ့ခြင်းဖြစ်သည်။  

ဘေရွတ်သို့ ရောက်သည့်အခါ ရုရှားနှင့်ယူကရိန်းသင်္ဘောများ၏တိုင်တန်းမှု၊ ဆိပ်ကမ်းအခွန်အခများမပေးဆောင်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုများကြောင့် MV Rhosus သင်္ဘောကို ဆိပ်ကမ်းအာဏာပိုင်များက ထိန်းသိမ်းခဲ့ကြောင်း ရုရှားသင်္ဘောသားများသမဂ္ဂက CNN ကို ပြောသည်။ ထိုအချိန်မှစ၍ ခရီးစဉ်ပြန်မစတင်နိုင်ခဲ့ခြင်းဖြစ်သည်။

သင်္ဘောသားများသည် ရိက္ခာချို့တဲ့စွာဖြင့် သင်္ဘောပေါ်တွင် ၁၁ လ နေခဲ့ရသည်ဟု ဆိုသည်။ သမ္မတပူတင်ဆီ နေ့စဉ် စာရေးကာတိုင်တန်းခဲ့ကြောင်း၊ နောက်ဆုံး၌ အကူအညီမရသည့်အတွက် ရှေ့နေငှားရန် ဆီရောင်းသုံးခဲ့ကြောင်းနှင့် သင်္ဘောပိုင်ရှင်က အစားအသောက်နှင့်ရေကိုပင် မထောက်ပံ့ခဲ့ကြောင်း ကပ္ပတိန်ဖြစ်သူ Boris Prokoshev က ဗုဒ္ဓဟူးနေ့က Echo Moscow ရေဒီယိုအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။  

ရုရှားသင်္ဘောသားများသမဂ္ဂ၏အဆိုအရ နောက်ဆုံးတွင် ရုရှားသင်္ဘောသားများသည် သင်္ဘောကို စွန့်ပစ်ခဲ့ကြပြီး မွေးရပ်မြေသို့ ပြန်လာခဲ့ကြကာ လစာလည်း မရရှိခဲ့ကြောင်း သိရသည်။ အန္တရာယ်များသော ကုန်စည်များကို တခြားသင်္ဘောသို့ပြောင်းရန်ကိုလည်း ဘေရွတ်အာဏာပိုင်များက ခွင့်မပြုခဲ့ဟု ဆိုသည်။  

၂၀၁၄ ခုနှစ်၌ ရေကြောင်းလှုပ်ရှားမှုများကို ခြေရာခံမှတ်တမ်းပြုစုသည့် Mikhail Voytenko အွန်လိုင်းသတင်းဌာနက MV Rhosus သင်္ဘောကို ‘ရေပေါ်ကဗုံး’ ဟု ပြောဆိုခဲ့သည်။

ဆိုက်ပရပ်စ်တွင် အခြေချနေသော MV Rhosus သင်္ဘောပိုင်ရှင်ဖြစ်သူ ရုရှားနိုင်ငံသား Grechushkin ကို CNN က ဖုန်းဖြင့်ဆက်သွယ်မှုရရှိရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly