အင်္ဂါဂြိုဟ်ဆင်းယာဉ် Perseverance က ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ အောက်ဆီဂျင် ပြောင်းလဲမည့် ကိရိယာ သယ်သွား 

By Physics Astronomy
05 August 2020
အင်္ဂါဂြိုဟ်ဆင်းယာဉ် Perseverance က ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ အောက်ဆီဂျင် ပြောင်းလဲမည့် ကိရိယာ သယ်သွား 

သြဂုတ် ၅ 

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်က လွှတ်တင်လိုက်သည့် နာဆာ၏ အသစ်စက်စက် အင်္ဂါဂြိုဟ်ဆင်းယာဉ် Perseverance သည် အင်္ဂါဂြိုဟ်၏ ပါးလွှာသော လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ အောက်ဆီဂျင် ပြောင်းလဲထုတ်လုပ်မည့် ကိရိယာတစ်ခုကို သယ်ဆောင်သွားကြောင်း သိရသည်။ 

အင်္ဂါဂြိုဟ် အောက်ဆီဂျင် အရင်းအမြစ် အသုံးပြုမှု စမ်းသပ်ချက် (MOXIE) ဟု ခေါ်သည့် သိပ္ပံဆိုင်ရာ ကိရိယာတစ်ခုကို Perseverance rover ယာဉ်တွင် တပ်ဆင်ပါရှိသွားသည်။ ယင်းက လေထုအတွင်း အောက်ဆီဂျင် ၀ ဒသမ ၂ ရာခိုင်နှုန်းမျှသာ ရှိနေသော ဂြိုဟ်တစ်ခုပေါ်တွင် အောက်ဆီဂျင် ထုတ်လုပ်မည့် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။ 

MOXIE သည် သစ်ပင်တစ်ပင်ကဲ့သို့ပင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူခြင်းဖြင့် အလုပ်လုပ်မည်ဖြစ်သည်။ သို့သော် ယင်းကို ပါးလွှာသော အင်္ဂါဂြိုဟ် လေထုအတွက် အထူးသင့်လျော်စေရန် ဖန်တီးထားသည်။ ယင်းနောက် အဆိုပါ ကိရိယာက လျှပ်စစ်ဓာတုနည်းဖြင့် မော်လီကျူးများကို အောက်ဆီဂျင်နှင့် ကာဗွန် မိုနောက်ဆိုဒ်တို့အဖြစ် ဖြတ်တောက်ခွဲခြမ်းပြီး ယင်းနောက် အောက်ဆီဂျင် မော်လီကျူးများကို O2 အဖြစ် ပေါင်းစည်းမည် ဖြစ်သည်။ 

ယင်းက O2 ကို သန့်စင်မှုအတွက် စစ်ဆေးပြီး ၉၉ ဒသမ ၆ ရာခိုင်နှုန်းခန့် သန့်စင်မှု ရှိမည့် O2 ရရှိရန် ကြိုးပမ်းမည်ဖြစ်သည်။ ယင်းနောက် ယင်းကိရိယာက ရှုရှိုက်နိုင်သော အောက်ဆီဂျင်နှင့် CO (ကာဗွန် မိုနောက်ဆိုဒ်) နှစ်မျိုးစလုံးကို ဂြိုဟ်၏ လေထုထဲ ပြန်လွှတ်ပေးမည်ဖြစ်သည်။ 

သို့ရာတွင် မကြာမီ ထွက်ရှိမည့် ကိရိယာများသည် လူသားများနှင့် ဒုံးများ၏ အဆုံးစွန် ရည်ရွယ်ချက်အတွက် တိုင်ကီများတွင် ဖန်တီးသော အောက်ဆီဂျင်ကို သိမ်းဆည်းမည်ဖြစ်သည်။ 

MOXIE သည် သေးငယ်သည့် အယူအဆ အထောက်အထားဆိုင်ရာ သုတေသနပရောဂျက်တစ်ခု ဖြစ်ပြီး ယင်းသည် အောက်ဆီဂျင် ပမာဏအများအပြား ထုတ်လုပ်ပေးမည် မဟုတ်ပေ။ အားလုံး အဆင်ပြေပြေ ရှိမည်ဆိုပါက ယင်းသည် တစ်နာရီလျင် ၁၀ ဂရမ်ခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ ယင်းက ကမ္ဘာ့လေထု၏ ၁ ဒသမ ၂ ကုဗပေ ရှိ အောက်ဆီဂျင်ပမာဏမျှသာဖြစ်သည်။ ဆက်စပ်ကြည့်မည်ဆိုပါက လူသားတို့သည် တစ်နေ့လျင် လေ ၁၉ ကုဗပေခန့် လိုအပ်သည်။ 

MOXIE သည် တစ်နာရီအတွင်း အောက်ဆီဂျင် ထုတ်လုပ်ခြင်းဖြင့် ယင်း၏ လုပ်နိုင်စွမ်းများကို စမ်းသပ်မည်ဖြစ်သည်။ အရာအားလုံး အဆင်ပြေပြေ ရှိမည်ဆိုပါက ယင်းသည် အချိန်ကာလကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း နာဆာက ပြောသည်။ အဆိုပါ ကိရိယာသည် လာမည့် ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက် ဂြိုဟ်ဆင်းယာဉ် ဆင်းသက်ပြီးနောက်ပိုင်း မကြာမီ စတင်အလုပ်လုပ်နိုင်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly