လက်ဘနွန်၌ ဧရာမပေါက်ကွဲမှုဖြစ်၍ အနည်းဆုံးလူ ၇၈ ဦးသေဆုံး ထောင်ချီ ဒဏ်ရာရ 

လက်ဘနွန်၌ ဧရာမပေါက်ကွဲမှုဖြစ်၍ အနည်းဆုံးလူ ၇၈ ဦးသေဆုံး ထောင်ချီ ဒဏ်ရာရ 

ဩဂုတ် ၅ 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ အင်္ဂါနေ့က ကုန်လှောင်ရုံတစ်ခုတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၇၈ ဦးသေဆုံးခဲ့ကာ ၄ ၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဘေရွတ်မြို့ဆိပ်ကမ်းအနီး ကုန်လှောင်ရုံတစ်ခုပေါက်ကွဲမှုကြောင့် မှိုပွင့်သဏ္ဍာန်မီးခိုးလုံးများမြင့်တက်ခဲ့ပြီး ကားများနှင့် အဝေးရှိ အဆောက်အဦးများအထိပါ ပျက်စီးခဲ့သည်။ ပေါက်ကွဲမှုပြင်းအားကို မိုင်ရာချီဝေးသည့် ဆိုက်ပရပ်စ်ကပင် ခံစားရသည်ဟုဆိုသည်။  

ပေါက်ကွဲမှုနှင့်ပတ်သက်၍ အကြောင်းရင်းကို အသေအချာမသိရသေးဘဲ နိုင်ငံပိုင်သတင်းဌာန NNA အရ ဗျောက်ကဲ့သို့ ပေါက်ကွဲစေတတ်သောပစ္စည်းထားသည့် ကုန်လှောင်ရုံတွင် မီးအကြီးအကျယ်လောင်မှုဖြစ်ပွားကြောင်း ကနဦး သတင်းများက ဆိုထားသည်။ 

လက်ဘနွန်ဝန်ကြီးချုပ် Hassan Diab က ဗုံးနှင့် ဓာတ်မြေဩဇာတို့တွင် အသုံးပြုသော ပေါက်ကွဲမှုပြင်းအားများသည့် အမိုနီယမ်နိုက်ထရိတ် ၂ ၇၅၀ တန်ကို ဘေးကင်းစေသည့်အစီအမံများမထားရှိဘဲ ဆိပ်ကမ်းရှိကုန်လှောင်ရုံတစ်ခု၌ ခြောက်နှစ်ကြာ သိုလှောင်ထားကြောင်း ပြောခဲ့သည်။  

ကနဦးမီးများကို ငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့များ အလျင်စလိုသွားစဉ် ဒေသစံတော်ချိန် ညနေ ၆ နာရီထိုးပြီးခါစ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးသတ်သမား အနည်းဆုံး ၁၀ ဦးပျောက်ဆုံးနေကြောင်း၊ အဆိုပါပေါက်ကွဲမှုမြင်ကွင်းကြောင့် ဟီရိုရှီးမားနှင့် နာဂါဆာကီ အနုမြူဗုံးကြဲမှုကို ပြန်လည်မြင်ယောင်မိကြောင်း နှင့် ယခုအတိုင်းအတာထိ ပျက်စီးမှုမျိုး တစ်ခါမျှမမြင်ဖူးခဲ့ကြောင်း မြို့တော်ဝန် Marwan Abboud က ဆိုသည်။  

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ရုံးခန်း၌အလုပ်လုပ်နေသော Kataeb နိုင်ငံရေးပါတီမှ အထွေထွေအတွင်းရေးမှူးချုပ် Nazar Najarian သည်လည်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိကာ သေဆုံးခဲ့သည်။  

ပေါက်ကွဲမှုအရှိန်ကြောင့် တိုက်ခန်းများ ဘယ်ညာလှုပ်ရမ်းခဲ့ပြီး ပြတင်းပေါက်၊ တံခါးများနှင့် နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း သိရသည်။  

ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့လယ်ရှိ CNN ဗျူရို၊ ယခင်ဝန်ကြီးချုပ်ဟောင်း Saad Hariri ၏ ဌာနချုပ်နှင့် လက်ဘနွန်သမ္မတ၏ နေအိမ်အပါအဝင် မြို့တော်တစ်လွှားရှိ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly