ဩစတြေးလျ၌ ကိုဗစ်-၁၉ တားဆီးရေး တပ်အင်အားဖြန့်စောင့်ကြည့်ကာ ပြင်းထန်စွာ ဒဏ်တပ်မည် 

ဩစတြေးလျ၌ ကိုဗစ်-၁၉ တားဆီးရေး တပ်အင်အားဖြန့်စောင့်ကြည့်ကာ ပြင်းထန်စွာ ဒဏ်တပ်မည် 

ဩဂုတ် ၄ 

သြစတြေးလျနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဗစ်တိုးရီးယားပြည်နယ်တွင် ကိုဗစ်-၁၉ တားဆီးရေးအတွက် သီးခြားကန့်သတ်နေထိုင်မှုကို လိုက်နာစေရန် စစ်တပ်အင်အားတပ်ဖြန့်ကြက်သွားမည်ဖြစ်ပြီး စည်းမျဉ်းချိုးဖောက်သူမည်သူမဆို ပြင်းထန်စွာ ဒဏ်တပ်ခံရမည် ဟု အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောသည်။ 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးနိုင်ရေးအတွက် ဗစ်တိုးရီးယားတွင် ယခုသီတင်းပတ်အစောပိုင်း၌ ညမထွက်ရအမိန့်ထုတ်ပြန်ပြီး ပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာမှုအပေါ် တင်းကျပ်သောစည်းမျဉ်းများချမှတ်ခဲ့ကာ ဒေသန္တရစီးပွားလုပ်ငန်းအများအပြားကို ပိတ်ရန်ညွှန်ကြားခဲ့သည်။  

သို့သော် အာဏာပိုင်များက သွားရောက်စစ်ဆေးသည့်အခါ ကိုဗစ်-၁၉ ကူးစက်ခံရသူ သုံးပုံတစ်ပုံနီးပါးသည် အိမ်များတွင် သီးခြားကန့်သတ်နေထိုင်ခြင်း မရှိသဖြင့် ပြင်းထန်သော ပြစ်ဒဏ်အသစ်များချမှတ်ရန်လိုသည်ဟု ပြည်နယ်ဝန်ကြီး Daniel Andrew က အင်္ဂါနေ့တွင် ပြောသည်။ 

သီးခြားကန့်သတ်နေထိုင်ခြင်းကို လိုက်နာစေရန်အတွက် ဗစ်တိုးရီးယားပြည်နယ်တွင် တပ်အင်အား ၅၀၀  ဖြန့်ကြက်ကာ ‘အိမ်မှာနေပါ’ အမိန့်ကိုချိုးဖောက်သူများအား ဒဏ်ငွေ ဩစတြေးလျဒေါ်လာ ၅ ၀၀၀ (အမေရိကန်ဒေါ်လာ ၃ ၅၅၉.၀၀) ဒဏ်ရိုက်သွားမည်ဖြစ်သည်။ အရေးပေါ်ဆေးကုသမှုများအတွက်သာလျှင် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။         

“အိမ်ကနေထွက်စရာ အကြောင်းမရှိပါဘူး။ အိမ်ကနေထွက်သွားခဲ့မယ်ဆိုရင် တရားဝင်တဲ့အကြောင်းပြချက်နဲ့ ဗစ်တိုးရီးယားရဲတွေကို ပြောဖို့လွယ်မှာမဟုတ်ဘူး” ဟု Andrew က မဲလ်ဘုန်းတွင် သတင်းထောက်များကို ပြောခဲ့သည်။ 

ဗစ်တိုးရီးယားပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၃၉ ဦးရှိပြီး တနင်္လာနေ့က သေဆုံးသူ ၁၁ ဦးရှိသည်။ ဩစတြေးလျတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၉ ၀၀၀ နီးပါးနှင့် သေဆုံးသူ ၂၃၂ ဦးရှိကာ တခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် အရေအတွက်နည်းသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly