Red Bull အမွေခံ အမှုနောက်ပိုင်း ထိုင်းတွင် ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးပိုင်း ပြုပြင်ပြောင်းလဲရန် တောင်းဆို

Red Bull အမွေခံ အမှုနောက်ပိုင်း ထိုင်းတွင် ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးပိုင်း ပြုပြင်ပြောင်းလဲရန် တောင်းဆို

သြဂုတ် ၂

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကားဖြင့် တိုက်ပြီး အဖမ်းမခံဘဲ တိမ်းရှောင်သွားခဲ့သည့် Red Bull အားဖြည့်အချိုရည်ကုမ္ပဏီ အမွေဆက်ခံသူ ဗိုရာယုသ် ယူဗီဒီယာအပေါ် အပြင်းထန်ဆုံးသော စွဲချက်ဖြင့် တရားစွဲဆိုမှု ဆက်မလုပ်ရန် အစိုးရရှေ့နေများက ဆုံးဖြတ်ခဲ့ခြင်းကြောင့် အများပြည်သူကို အမျက်ဒေါသထွက်စေခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး တောင်းဆိုမှုများလည်း ပေါ်ထွက်စေခဲ့သည်။

ယခုအခါ ရဲတပ်ဖွဲ့နှင့် တရားစွဲဆိုမှုပိုင်း အပါအဝင် လူတိုင်း တရားစီရင်ရေးဆိုင်ရာ တူညီသောဥပဒေ ကျင့်သုံးခံရခြင်း အပိုင်းတွင် ထိရောက်မှု၊ တရားမျှတမှုတို့ တိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ အမြန်ဆုံး လုပ်ဆောင်ရန် တောင်းဆိုမှုများ မြင့်တက်လျက် ရှိသည်။

ယာဉ်တိုက်မှုတွင် မစ္စတာ ဗိုရာယုသ်အပေါ် စွဲဆိုထားသည့် စွဲချက်လေးချက်ကို ရုပ်သိမ်း သို့မဟုတ် သက်တမ်းကုန်သွားခဲ့ပြီးနောက်ပိုင်း Thong Lor ရဲစခန်းက မစ္စတာ ဗိုရာယုသ်၏ ဘန်ကောက်လိပ်စာသို့ စာတစ်စောင် ပေးပို့ခဲ့ကြောင်း CNN က ဖော်ပြသည်။

အဆိုပါစာထဲတွင် ထိုင်းရှေ့နေချုပ်က မစ္စတာ ဗိုရာယုသ်ကို စွဲချက်အားလုံးအတွက် တရားသေလွှတ်ရန် ညွန်ကြားခဲ့ပြီး အမျိုးသားရဲတပ်ဖွဲ့ ကော်မရှင်ကလည်း ယင်းအမိန့်ကို မဆန့်ကျင်ခဲ့သည့်အတွက် အမှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ရေးသားထားသည်ဟု သိရသည်။

မဆင်မခြင် မောင်းနှင်မှုဖြင့် လူသေဆုံးစေမှုဆိုသည့် ကျန်ရှိနေသော စွဲချက်ဖြင့် မစ္စတာ ဗိုရာယုသ်အပေါ် ဆက်လက်တရားစွဲဆိုခြင်းမပြုရန် ဘန်ကောက်တောင်ပိုင်း ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုဌာနက ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ကလည်း အစိုးရရှေ့နေများနှင့် သဘောထားတူညီခဲ့ကြောင်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကစ်ဆာနာ ပါသန်နာချာရွန်က ပြောသည်။

ယင်းဆုံးဖြတ်ချက်နောက်ပိုင်း ပြည်တွင်းနှင့် နိုင်ငံတကာ ဖမ်းဝရမ်းများအားလုံးလည်း ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

ယင်းဆုံးဖြတ်ချက်၏ နောက်ကွယ်က အကြောင်းရင်းများကို လက်ရှိအချိန်အထိ  အများပြည်သူထံ အသိပေးခြင်း မရှိသေးဘဲ ရှေ့နေချုပ်ရုံး (OAG) ကလည်း ရှင်းလင်းချက် မထုတ်ခဲ့ပေ။

ထို့ပြင် အဆိုပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်စိန်ခေါ်ခဲ့ခြင်း မရှိသည့်အတွက် ယခုအခါ ထိုင်းရဲတပ်ဖွဲ့သည်လည်း ဝေဖန်ခံနေရသည်။

ပြီးခဲ့သည့် ၂၀၁၂ စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက မစ္စတာ ဗိုရာယုသ်သည် ၎င်း၏ Ferrari ကားကို မြန်နှုန်းမြင့် မောင်းနှင်ခဲ့၍ ထိုင်းရဲတစ်ဦးဖြစ်သည့် ဝီချိန် ကလန်ပရာဆက်၏ ဆိုင်ကယ်ကို ဝင်တိုက်မိသည့်အတွက် ကလန်ပရာဆက် သေဆုံးခဲ့ရသည်ဆိုပြီး စွပ်စွဲခံထားရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့ပြီးနောက်ပိုင်း ယင်းအမှုသည် အများပြည်သူ၏ စိတ်ဝင်စားမှုကို ရရှိထားသည့် အမှုဖြစ်သည်။ ယခုအခါ သံသယရှိသူတစ်ဦးအပေါ် စွဲဆိုသည့် မဆင်မခြင် မောင်းနှင်၍ လူသေဆုံးစေသည့် စွဲချက်ကို တရားရုံးသို့ မရောက်မီမှာပင် ပြန်ရုပ်သိမ်းလိုက်သည့် ဆုံးဖြတ်ချက်က အများပြည်သူကို အမျက်ဒေါသထွက်စေခဲ့ကာ ထိုင်းနိုင်ငံတွင် လူချမ်းသာများ ပြစ်ဒဏ်ခတ်မခံရဘဲ ကင်းလွတ်ခွင့်ရနေ သည်ဆိုပြီး ဝေဖန်ပြစ်တင်မှုများ ရှိနေခဲ့သည်။

ဖိအားများ မြင့်တက်လာမှုကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို စစ်ဆေးရန် လွတ်လပ်သော ကော်မတီ ဖွဲ့စည်းစေခဲ့သလို OAG နှင့် တော်ဝင်ထိုင်းရဲတပ်ဖွဲ့တို့ကလည်း ယင်းအမှုကို စစ်ဆေးရန် သီးခြားအဖွဲ့များ ထူထောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly