ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်လိုင်းများပြန်ဖွင့်ပြီ

By ချမ်းငြိမ်း၊ စိုးသူအောင်
02 August 2020
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်လိုင်းများပြန်ဖွင့်ပြီ
Photo - EPA

ဩဂုတ် ၂

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တစ်နှစ်ကျော်ကြာပိတ်ထားသည့် အင်တာနက်လိုင်းများကို ပြန်လည်ဖွင့်လှစ်ပေးကြောင်း ဒေသခံများက ပြောသည်။

 သြဂုတ်လ ၁ရက်ညပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  ဘူးသီးတောင်၊ ရသေ့တောင် ၊ပုဏ္ဏားကျွန်း၊ မင်းပြား၊မြေပုံ ၊ကျောက်တော်၊ မြောက်ဦးမြို့နယ်များနှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ အပါအဝင်စုစုပေါင်း ရှစ်မြို့နယ်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

မြောက်ဦးဒေသခံတစ်ဦးကတော့ မနေ့ညက အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာလေးခုလုံး သုံးလို့ရပေမယ့် အင်တာနက်မြန်နှန်းမှာ 2G ပဲတက်သေးတာကြောင့် လိုင်းမကောင်းသေးကြောင်းဆိုသည်။

ထိုသို့ အင်တာနက်လိုင်းများပြန်လည်အသုံးပြုနိုင်ကြောင်းကို ဆက်သွယ်ရေးအော်ပရေတာများက  SMS စာတိုများပေးပို့အသိပေးခဲ့ခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်အတွင်းတွင်တော့ Mytel ဆင်းကဒ်တစ်မျိုးသာ အင်တာနက်ရရှိပြီး လိုင်းမကောင်းကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ကပြောသည်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အင်တာနက်လိုင်းများကို ၂၀၁၉ ခုနှစ ်ဇူလိုင်လအတွင်းက ပိတ်ထားသည်။ ထို့အပြင်ရခိုင်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း အင်တာနက်ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အင်တာနက်လိုင်းများပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့ကြသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအချို့ တရားစွဲဆိုခံထားရမှုများလည်းရှိခဲ့သည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly