မော်တော်ယာဉ် တင်သွင်းမှုအကောက်ခွန်များ ၁၀ရာခိုင်နှုန်းစီ လျှော့ချ

မော်တော်ယာဉ် တင်သွင်းမှုအကောက်ခွန်များ ၁၀ရာခိုင်နှုန်းစီ လျှော့ချ

ရန်ကုန်၊ သြဂုတ် ၁

လူစီးမော်တော်ယာဉ်တွေ ပြည်ပကနေတင်သွင်းရာမှာ ကောက်ခံလျှက်ရှိတဲ့ အကောက်ခွန်နှုန်းထားတွေကို သြဂုတ်လက စတင်ပြီး  အင်ဂျင်ပါဝါအလိုက် အရင်ကပေးဆောင်ရတဲ့နှုန်းထားကနေ ၁၀ရာခိုင်နှုန်းစီ လျော့ချလိုက်ပြီ လို့ အကောက်ခွန်ဦးစီးဌာနက ဒီကနေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။  

ကိုဗစ် ၁၉ကြောင့် ဖြစ်ပေါ်နေတဲ့ နိုင်ငံတွင်း စီးပွားရေးကျဆင်းမှုတွေကို ပြန်လည်ကုစားဖို့အတွက် အကောက်ခွန်ဦးစီးဌာနအနေနဲ့ အခုလိုအခွန်တွေကို ဖြေလျှော့ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။  

ဖြေလျှော့ပေးလိုက်တဲ့ အကောက်ခွန်နှုန်းထားတွေကတော့ လူစီးမော်တော်ယာဉ်တွေအတွက် ၂၀၀၀CC နဲ့ ၂၀၀၀cc အောက်ကို လက်ရှိအကောက်ခွန်နှုန်းထား ကားတစ်စီးတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်း၊ ၂၀၀၁cc နဲ့ ၂၀၀၁cc အောက်ကို ၄၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းစီ လျော့ချကောက်ခံသွားမှာ ဖြစ်ပါတယ်။  

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ဖို့ နိုင်ငံခြားကနေ SKD စနစ်နဲ့ တင်သွင်းလာတဲ့ ၂၀၀၁CC နဲ့ ၂၀၀၁cc အောက်ကားတွေကို လက်ရှိအကောက်ခွန်နှုန်းထား ကားတစ်စီးတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း ပြောင်းလဲပေးဆောင်ရမှာ ဖြစ်ပြီး ၂၀၀၀CC နဲ့ ၂၀၀၀cc အောက် SKD ကားတွေကတော့ အကောက်ခွန် လုံးဝပေးဆောင်စရာ မလိုဘူးလို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကောက်ခွန်တွေကို ဘယ်အချိန်ထိ ဖြေလျှော့ပေးသွားမယ်ဆိုတာကိုတော့ ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိ သလို ဒီကိစ္စနဲ့ ပတ်သတ်ပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်ထင်ကို ဆက်သွယ်မေးမြန်း ရာမှာတော့ လက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ဒီလို အကောက်ခွန်တွေ လျှော့ချလိုက်တာနဲ့ ကားဈေကွက်ဟာ ဒီကိုဗစ်ကာလမှာ ချက်ချင်းကြီးတော့ တိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူးလို့ မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။  

“ဝယ်မယ့်သူများရင်တော့ တင်သွင်းတာက များလာနိုင်တယ် ဒါပေမယ့် ပြောရတာက ခက်ပါတယ် လက်ရှိ Covid ကာလဆိုတော့ လူတွေရဲ့ စီးပွားရေးအပေါ်လည်း မူတည်တာပေါ့နော် ကားတစ်စီးကို ၁၀ရာခိုင်နှုန်းလျော့လို့ ကားဝယ်မယ်ဆိုတာကလည်း သေချာတော့ ပြောလို့ မရနိုင်ဘူး ဘာလို့ဆိုတော့ အခုက ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုတွေလည်း ရှိလာတော့လေ ဘာပဲဖြစ်ဖြစ် မလျော့တာထက် လျော့ချလိုက်တာကို ကြိုဆိုပါတယ်” လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။  

လက်ရှိ အင်ဂျင်ပါဝါ ၂၀၀၀ cc နဲ့ အထက် ကားတွေဟာ အကောက်ခွန်ပေးဆောင်ပြီးသားဆိုရင် ကျပ်သိန်း ၉၀၀ နဲ့ ကျပ်သိန်း ၂၀၀၀ ကြားမှာ ပေါက်ဈေးရှိတယ်လို့ အွန်လိုင်းကားအရာင်းအဝယ်ဈေးကွက်မှာဖော်ပြ ထားချက်တွေအရ သိရပါတယ်။  

ကားဈေးကွက်အတွင်းမှာတော့ အင်ဂျင်ပါဝါ ၁၀၀၀ cc အထက် ကားတွေသာ အရောင်းအဝယ် ဖြစ်နေပြီး အင်ဂျင်ပါဝါကြီးတဲ့ ၂၀၀၀ cc အထက်ကားတွေကတော့ အရောင်းအဝယ်အနည်းငယ်သာဖြစ်နေတယ်လို့ ဟံသာဝတီကားပွဲစားတန်း၏ ကားပွဲစားအသိုင်းအဝိုင်းများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly