ဗီယက်နမ်နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ရှိနေဟု သတိပေး

ဗီယက်နမ်နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ရှိနေဟု သတိပေး

ဇူလိုင် ၂၉

လများစွာကြာ ဗိုင်းရပ်စ် ကင်းစင်ထားခဲ့သော ဗီယက်နမ်နိုင်ငံတွင် ယခုအခါ ကိုဗစ်-၁၉ ကူးစက်မှု နောက်ထပ် လှိုင်းတစ်ခုကို ရင်ဆိုင်ဖြတ်သန်းရရန် ရှိနေပြီဟု သိရသည်။

ထို့ပြင် မြို့တော် ဟနွိုင်း၊ ဟိုချီမင်းစီးတီးနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသတို့ရှိ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်သစ်များသည်လည်း ဒါနန်းမြို့ရှိ မကြာသေးမီက ကူးစက်ဖြစ်ပွားမှုနှင့် ဆက်နွယ်နေကြောင်း အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

လက်ရှိကြုံနေရသည့် ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းက ဗီယက်နမ်ပြည်သူတို့ မတ်လတွင် တိုက်ခိုက်ခဲ့သည့် ဒုတိယလှိုင်းနှင့် မတူညီကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုရင် စွမ်းဖုက ပြောသွားခဲ့သည်။

ထို့ပြင် ယခုအခါ နိုင်ငံရှိ မြို့တိုင်း၊ ပြည်နယ်တိုင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အန္တရာယ်ရှိနေပြီဟု ၎င်းက သတိပေးသွားခဲ့ကြောင်း နိုင်ငံပိုင် ဗီဒီယာတီဗွီ (VTV) က ထုတ်လွှင့်ဖော်ပြသည်။

ဗဟိုချုပ်ကိုင်သည့် ကွာရန်တင်း ပရိုဂရမ် ကျင့်သုံးမှု၊ ဗိုင်းရပ်စ်ကူးစက်သူနှင့် ထိတွေ့ဆက်ဆံသူများ ထောက်လှမ်းရှာဖွေ စစ်ဆေးမှုပိုင်းကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့မှုတို့ကြောင့် ယင်းနိုင်ငံသည် ကနဦးကာလအတွင်း ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၄၄၆ ဦးအထိသာ ရှိစေခဲ့သည်။

တရုတ်နှင့် နယ်နမိတ်ထိစပ်နေပြီး လူဦးရေ ၉၅ သန်းရှိသည့် ဗီယက်နမ်နိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူလည်း မရှိပေ။ ထို့ပြင် ယခုမတိုင်ခင်အထိ ယင်းနိုင်ငံ၌ လများစွာကြာအထိ ပြည်တွင်းနေသူအချင်းချင်း ဗိုင်းရပ်စ်ကူးစက်မှု ကင်းစင်ထားခဲ့သည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် အထက်ပါမှတ်တမ်းများသည်လည်း ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသော ဒါနန်းမြို့နှင့်အကြား အသွားအပြန် လေယာဉ်ခရီးစဉ်အားလုံးကို ယခုအခါ ၁၅ ရက်ကြာ ဆိုင်းငံ့ထားရန် အစိုးရက ဇူလိုင် ၂၈ ရက်တွင် ညွန်ကြားခဲ့သည်။ အဆိုပါ မြို့တွင်းနှင့် အနီးဝန်းကျင်၌ ဗိုင်းရပ်စ်ကူးစက်သူ အနည်းဆုံး ၃၀ ဦးခန့် တွေ့ရှိထားပြီးဖြစ်သည်။

ယခုအခါ နိုင်ငံတ၀န်း ခရီးသွား အချက်အချာနေရာများတွင် နိုးနိုးကြားကြား ရှိနေရမည်ဖြစ်ကြောင်းနှင့် ဒါနန်းမြို့သည်လည်း တင်းကျပ်သည့် လော့ခ်ဒေါင်းအောက်တွင် ကျရောက်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ငုရင် စွမ်းဖုက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly