တေးသံရှင် တင့်တင့်ထွန်း သေဆုံးပြီဆိုတဲ့သတင်းအမှား

တေးသံရှင် တင့်တင့်ထွန်း သေဆုံးပြီဆိုတဲ့သတင်းအမှား

ဇူလိုင် ၂၉

တေးသံရှင်တင့်တင့်ထွန်းခေါ် ဆရာလေး ဒေါ်နန္ဒမာလာသည် ယနေ့ (ဇူလိုင် ၂၈)တွင် မုံရွာခရိုင် ဘုတလင်မြို့နယ် ကြောင်ပန်းတောရကျောင်းတိုက်မှာ ကွယ်လွန်သွားပြီဆိုပြီး သတင်းအမှားတစ်ခု လူမှုကွန်ယက်ပေါ်မှာ တက်လာ ပါတယ်။

ဒီသတင်းအမှားကို စတင်ဖြန့်ဝေခဲ့သူက ဟန်နီထွန်းဆိုတဲ့အကောင့်ပိုင်ရှင်က ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

သူဖြန့်ဝေပြီးပြီးချင်းမှာတင် ပိုပိုလေးဆိုတဲ့ သတင်းပေ့ချ်ကနေလည်း ပြန်လည်ကူးယူဖော်ပြခဲ့ပါတယ်။

တေးသံရှင် တင့်တင့်ထွန်းဟာ အမှန်တကယ်ကွယ်လွန်ခဲ့ခြင်းမရှိပါဘူး။ ဒီအကြောင်းကို အဆိုတော် မိုးမိုးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်ဖြေရှင်းထားပါတယ်။

“တင့်တင့်ထွန်းဆုံးတယ်ဆိုတာမဟုတ်ပါဘူးတဲ့။ မတင့်ရဲ့ မောင်အရင်းကိုယ်တိုင်ပြောတာပါ။ သူသီတင်းသုံးတဲ့ကျောင်းမှာ အေးချမ်းစွာ တရားအားထုတ်နေပါတယ်။ အွန်လိုင်းပေါ်တင်ရင်လည်း စုံစမ်းမေးမြန်း ပြီးမှ တင်စေချင်ပါတယ်” ဆိုပြီး ပြန်ဖြေရှင်းခဲ့ပါတယ်။

ဒါရိုက်တာဝိုင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ မတင့် ငြိမ်းချမ်းစွာ တရားအားထုတ်နေပါတယ်”ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

သတင်းအမှား စတင်ဖြန့်ဝေခဲ့သူ မဟန်နီထွန်းဟာလည်း ဒီပို့စ်ကို ပြန်ဖျက်ခဲ့ပြီး အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

“ဆရာလေးသတင်းမမှန်ဘူးလို့ ဆရာတော် တစ်ပါးကမိန့်ပါတယ်။ ဟန်နီ့ကို သိက္ခာရှိတဲ့ မီဒီယာသမား တစ်ယောက်က သတင်းပေးလာလို့ သေချာအောင် ထပ်စုံစမ်းပါမယ်။ အချိန်ကိုက် လုပ်ဇာတ် ပါတဲ့ယုတ်လိုက်ကြတာတူသောအကျိုးပေးပါစေ”ဆိုပြီး  ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ဒါ့ကြောင့် တေးသံရှင် တင့်တင့်ထွန်း သေဆုံးတယ်ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly