အမေရိကန် နည်းပညာကုမ္ပဏီကြီး ၄ ခု၏ စီအီးအိုများ ကွန်ဂရက်ရှေ့မှောက်၌ စစ်ဆေးမှု ခံယူမည်

အမေရိကန် နည်းပညာကုမ္ပဏီကြီး ၄ ခု၏ စီအီးအိုများ ကွန်ဂရက်ရှေ့မှောက်၌ စစ်ဆေးမှု ခံယူမည်

ဇူလိုင် ၂၉

ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးလေးခုဖြစ်သည့် Amazon ၊ Facebook ၊ Apple နှင့် Alphabet တို့၏ အမှုဆောင်အရာရှိချုပ်များသည် ဇူလိုင် ၂၉ ရက်၌ စျေးကွက်လက်ဝါးကြီးအုပ်မှု တားဆီးရေးဆိုင်ရာ ကွန်ဂရက်လွှတ်တော်၏  ကြားနာစစ်ဆေးမှုတစ်ရပ်တွင် ခုခံထွက်ဆိုရန် စီစဉ်ထားကြောင်း သိရသည်။

Amazon စီအီးအို Jeff Bezos ၊ Facebook စီအီးအို Mark Zuckerberg ၊ Google ၏ မိခင်ကုမ္ပဏီ Alphabet ၏ စီအီးအို Sundar Pichai နှင့် Apple စီအီးအို Tim Cook တို့၏ ထွက်ဆိုမှုသည်  ပြိုင်ဘက်များ၏ ထိုးနှက်လာနိုင်မှုအပေါ် နောက်ဆံတင်းနေလျက်ရှိသည့် အမှုဆောင်အရာရှိချုပ် လေးဦးကို ဖော်ညွန်းလျက် ရှိသည်။

အဆိုပါကုမ္ပဏီများအနေဖြင့် ယင်းတို့၏ လွှမ်းမိုးမှုကို ဆက်ထိန်းထားနိုင်ရန် သို့မဟုတ် ချဲ့ထွင်ရန် ကြိုးပမ်းနေချိန် ယင်းကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာ လုပ်ကိုင်မှုများ၊ ဒေတာ စုဆောင်းမှုများက အရွယ်အစားသေး ပြိုင်ဘက်များအပေါ် မည်သို့မည်ပုံ အထိနာထားစေခဲ့သလဲ ဆိုသည်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသော ဥပဒေပြုအမတ် အဖွဲ့တစ်ခုထံတွင် အဆိုပါ စီအီးအို လေးဦး ခုခံထွက်ဆိုကြမည်ဖြစ်သည်။

Alphabet စီအီးအို Pichai က Search ကဏ္ဍသည် Google တွင် စာရိုက်ရှာဖွေမေးမြန်းမှုထက် ပိုမို ကျယ်ပြန့်သော်ငြား ၎င်းအနေဖြင့် လူများက သတင်းအချက်အလက်အတွက် Twitter ၊ Pinterest နှင့် အခြားဝက်ဘ်ဆိုဒ်များဘက်သို့ ပြောင်းရွှေ့မှုအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း ၎င်းက ကွန်ဂရက်ထွက်ဆိုမှုမတိုင်မီ ပြောသွားခဲ့သည်။

အလားတူ Amazon သည်လည်း အလုံးစုံ လက်လီစျေးကွက်တွင် သေးငယ်သည့် ဝေစုတစ်ခုကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် Walmart ကဲ့သို့ လက်လီလုပ်ငန်းများနှင့် ပြိုင်ဆိုင်နေရကြောင်း စီအီးအို Jeff Bezos က မှတ်ချက်ပေးသွားခဲ့သည်။

တချိန်တည်းမှာပင် Facebook စီအီးအို Zuckerberg ကလည်း ကုမ္ပဏီ၏ လုပ်ငန်းလွှဲပြောင်းဝယ်ယူမှုများနှင့်ပတ်သက်၍ ခုခံထွက်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ကုမ္ပဏီများရင်ဆိုင်ေနရသည့် တရုတ်၏ ပြိုင်ဆိုင်မှု ခြိမ်းခြောက်မှုနှင့်ပတ်သက်၍လည်း ၎င်းက အမတ်များကို အသိပေးသွားမည်ဟု သိရသည်။

Apple စီအီးအို Tim Cook ကလည်း ၎င်းတို့ကုမ္ပဏီအနေဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် စျေးကွက်တိုင်းတွင် လွှမ်းမိုးချုပ်ကိုင်သည့် စျေးကွက်ဝေစုမျိုး မရှိဟု လွှတ်တော်ကော်မတီ ရှေ့မှောက်တွင် ပြောကြားသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly