Red Bull ကုမ္ပဏီ အမွေဆက်ဆံသူ၏ အမှု လွတ်လပ်သော ကော်မတီဖွဲ့ပြီး ပြန်စစ်ဆေးရန် တောင်းဆို

Red Bull ကုမ္ပဏီ အမွေဆက်ဆံသူ၏ အမှု လွတ်လပ်သော ကော်မတီဖွဲ့ပြီး ပြန်စစ်ဆေးရန် တောင်းဆို

ဇူလိုင် ၂၉

ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရဲတစ်ဦးကို ကားဖြင့် တိုက်ပြီး မောင်းပြေးသွားမှုဖြင့် Red Bull အားဖြည့်အချိုရည်ကုမ္ပဏီ အမွေဆက်ခံသူ ဗိုရာယုသ် ယူဗီဒီယာအပေါ် စွဲထားသည့်အမှု ရုပ်သိမ်းလိုက်ခြင်းအပေါ် ပြန်လည်သုံး သပ်စစ်ဆေးသွားရေးအတွက် နိုင်ငံတော်အဆင့် လွတ်လပ်သောကော်မတီတစ်ခု ဖွဲ့စည်းရန် ဆိနိတ်တာတစ်ဦးက တောင်းဆိုလိုက်သည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ Red Bull အမွေခံ ဗိုရာယုသ်အပေါ် စွဲဆိုထားသည့် စွဲချက်အားလုံးကို ရုပ်သိမ်းရန် အစိုးရရှေ့နေများက ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ အမှုကို ကော်မတီဖွဲ့ပြီး ပြန်လည်သုံးသပ် စစ်ဆေးရန် ဆိနိတ်တာတစ်ဦးဖြစ်သည့် ကမ်နွန် ဆစ်ဟီဆာမန်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီ၏ အဖွဲ့ဝင် ထက်ဝက်သည် ရှေ့နေချုပ်ရုံး သို့မဟုတ် တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှ မဟုတ်သည့် ပြင်ပကျွမ်းကျင်သူများ ဖြစ်ရလိမ့်မည်ဟု ဆိနိတ်တာ ကမ်နွန်က ဇူလိုင် ၂၈ ရက်တွင် ဖေ့ဘွတ်ခ်ကနေတဆင့် ကြေညာခဲ့သည်။

ထို့ပြင် ကော်မတီဥက္ကဋ္ဌသည်လည်း အထက်ပါ အေဂျင်စီနှစ်ခု၏ ပြင်ပမှ လာသူတစ်ဦး ဖြစ်ရလိမ့်မည်ဟု ၎င်းက ပြောသည်။

Red Bull အမွေခံအမှု ပြန်လည်စစ်ဆေးမည့် ကော်မတီအဖွဲ့ကို တရားဝင်နိုင်ငံတော်အဖွဲ့အစည်းတစ်ခုအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဖြစ်ပြီး ယင်းအဖွဲ့တွင် အမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းအားလုံးနှင့် စုံစမ်းစစ်ဆေး မှုအစီရင်ခံစာအားလုံးကို ကြည့်ရှုနိုင်ခွင့်၊ သက်သေထွက်ဆိုထားခဲ့သူအားလုံးကို ဆင့်ခေါ်နိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း ကမ်နွန်က ပြောသွားခဲ့သည်။

အမှု စုံစမ်းစစ်ဆေးပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ထုံးလုပ်နည်းများကို တိုးတက်စေမည့် နည်းလမ်းများ အကြံပြုနိုင်မည့် အခွင့်အာဏာကိုလည်း အဆိုပါကော်မတီထံ အပ်နှံရမည်ဖြစ်ကြောင်း ကမ်နွန်က ပြောသွားခဲ့ သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် မစ္စတာ ဗိုရာယုသ်၏ မဆင်မခြင်မောင်းနှင်မှုကြောင့် ထိုင်းရဲတစ်ဦးဖြစ်သည့် ဝီချိန် ကလန်ပရာဆက် သေဆုံးခဲ့ရပြီးနောက် ယင်းအမှုကို ရုပ်သိမ်းရန် ပြီးခဲ့သည့်လက တောင်ပိုင်း ဘန်ကောက် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုဌာနက ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကလည်း အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly