ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ရန် သုံးပတ်စောင့်ကြည့်မည်

ဇူလိုင် ၂၈ရက်

ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်နိုင်ရန် သုံးပတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

ဝန်ကြီးက"သုံးပတ်မှာ လူနာတွေမဖြစ်လာဘူးဆိုရင် စနိုင်တဲ့အရေးရှိပါတယ်။ ဒီသုံးပတ်အတွင်းမှာ စပြီး ကျွန်တော်တို့လာကြည့်ပါမယ်။ ရုပ်ရှင်ရုံတွေမှာ ဘယ်လိုစီစဉ်ထားသလဲ။ လာကြည့်ပြီးတော့မှ ကျွန်တော်တို့ ဆောင်ရန် ရှောင်ရန်တွေ စာအုပ်ထုတ်သလို ပြန်ထုတ်ပါမယ်။ အမြန်ဆုံးတော့ ဖွင့်အောင် ကျွန်တော်တို့လုပ်မယ်"ဟုပြောသည်။

ထိုအကြောင်းအား ဇူလိုင် ၂၈ရက်က ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလတွင် ရုပ်ရှင်လုပ်ငန်းများပြန်လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်း တို့ အပြန်အလှန်ဆွေးနွေးမှုမှာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်ရုံများတွင် မင်္ဂလာအုပ်စု ၊ JCGV အုပ်စု ၊ MEGA ACE နှင် Red Radiance အုပ်စုစသည့်ရုပ်ရှင်ရုံလုပ်ငန်းများအားလုံးရပ်နားထားကြရသည်။ထိုလုပ်ငန်းများတွင် ရုံများအတွက်ရင်းနှီးမြုပ်နှံမှု၊ ဌားရမ်းခ၊ ဝန်ထမ်းများခန့်ထားမှုများကြောင့် ရုပ်ရှင်ရုံများအားပြန်လည်ဖွင့်လှစ်ပြသလိုကြသည်။

ရုပ်ရှင်ရုံများအား သင့်တော်သည့်အချိန်၊ ဆီလျော်သော ကာလတွင် အမြန်ဆုံးဖွင့်လှစ်ချင်ကြောင်းနှင့် ဖွင့်လှစ်သည့်အခါတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ပြုပြင်မွမ်းမံထားမည်ဟု မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းက ဆိုသည်။

" ရုပ်ရှင်ရုံတွေ ပြန်ပြီးဖွင့်လှစ်ခွင့်ရမယ်ဆိုရင် ရုပ်ရှင်ရုံရှိ ထိုင်ခုံ ၅၀ရာခိုင်နှုန်းလောက်ကို ရောင်းချလုပ်ကိုင်လိုပါတယ်။ အဲ့ဒီလိုလုပ်ပိုင်ခွင့်ရမယ်ဆိုရင်တော့ ရုပ်ရှင်ရုံလုပ်ငန်းရှင်ရော ထုတ်လုပ်သူ ဇာတ်ကားပိုင်ရှင်တွေရော ကြည့်ရှုသူပရိသတ်ပါ သုံးဦး သုံးဘက်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ်။ ဒီလိုရောင်းချတဲ့အခါမှာလည်း social distancing ကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့အတိုင်း တသွေမသိမ်းလိုက်နာပြီးတော့ ပြင်ဆင်ထားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

 ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်ရုံများသည် ယခုချိန်မှစတင်ကာ ပြင်ဆင်မှုများလုပ်ဆာင်ထားသင့်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီအောင်လုပ်ပါက ပြန်ဖွင့်ခွင့်ရမည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအား COVID-19ရောဂါကြောင့် မတ်လ ၁၆ ရက်နေ့မှစပြီး ခေတ္တပိတ်သိမ်းထားသည်မှာ ယနေ့အထိဖြစ်သည်။ထိုသို့ပိတ်သိမ်းထားခြင်းကြောင့်ရုပ်ရှင်လောကသားများနှင့် ရုပ်ရှင်ရုံဝန်ထမ်း များ စက်မှုလက်မှုလုပ်ငန်းရှင်တွေထိခိုက်မှုတွေရှိခဲ့သည်။

ဇူလိုင်လ ၂၇ရက်က ရုပ်ရှင်အပါအဝင်၊ ကြေညာ၊ဇာတ်လမ်းတွဲများအား တစ်ပတ်ကြိုတင်အကြောင်းကြားပြီး ရိုက်ကူးခွင့် ပြုသွား မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly