ဗီယက်နမ်၌ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဒါနန်းမြို့လေယာဉ်ခရီးစဉ်များ ဆိုင်းငံ့

ဗီယက်နမ်၌ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဒါနန်းမြို့လေယာဉ်ခရီးစဉ်များ ဆိုင်းငံ့

ဇူလိုင် ၂၈

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အနည်းဆုံး ၁၄ ဦးတွေ့ရှိပြီးနောက် ယနေ့စ၍ ၁၅ ရက်ကြာ ဒါနန်းမြို့မှ အဝင်အထွက် လေယာဉ်ခရီးစဉ်များအားလုံး ဆိုင်းငံ့ကြောင်း အစိုးရက ဇူလိုင် ၂၈ ရက်တွင်ပြောသည်။

ဧပြီလနောက်ပိုင်း ပထမဦးဆုံး အစုလိုက်ကူးစက်မှုရှိသည်ဟု အစိုးရက စနေနေ့က အတည်ပြုခဲ့ပြီးနောက် သတိပေးချက်များ ပြန်လည်မြင့်တက်ခဲ့သည်။ တနင်္ဂနွေနေ့က ရောဂါကူးစက်သူ သုံးဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူအားလုံးမှာ ဒါနန်းမြို့နှင့်အနီးဝန်းကျင်မှဖြစ်သည်။

တနင်္လာနေ့ညနေပိုင်းက ဒါနန်းဆေးရုံနှင့်ဆက်စပ်သည့် ကူးစက်မှုအသစ် ၁၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ဒါနန်းမြို့သို့ အဝင်အထွက် ရထားခရီးစဉ်များအားလုံးကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ပါရှိသည်။ ခရီးသွားမြို့တစ်မြို့ဖြစ်သည့် ဒါနန်းတွင် သုံးလကျော်အကြာ ပထမဆုံး ဒေသတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် တွေ့ရှိပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်က လူအချင်းချင်း ခပ်ခွါခွါနေရေး စီမံချက်များ ပြန်လည်ချမှတ်ခဲ့သည်။

ဗီယက်နမ်တွင် တင်းကျပ်သောကွာရန်တင်းအစီအစဉ်များနှင့် ကျယ်ကျယ်ပြန့်ပြန့်ရောဂါစမ်းသပ်မှုများကြောင့် ဗိုင်းရပ်စ်ကူးစက်သူ ၄၃၁ ဦးအထိသာရှိခဲ့ပြီး သေဆုံးသူ တစ်ဦးမျှမရှိပေ။

ဗီယက်နမ်တွင် ပြည်ပခရီးသွားလုပ်ငန်းပိတ်ထားဆဲဖြစ်သော်လည်း ဒေသတွင်း အပန်းဖြေခရီးစဉ်များနှင့်လေယာဉ်ခများ ဈေးသက်သာနေမှုကို အကြောင်းပြု၍ ပြည်တွင်းခရီးသွားများ မြင့်တက်လျက်ရှိသည်။

တနင်္လာနေ့ကလည်း လူပေါင်း ၈၀ ၀၀၀ ကို ဘေးကင်းရာပြောင်းရွှေ့ရန်အတွက် ဒါနန်းမှ ဗီယက်နမ် မြို့ကြီး ၁၁ မြို့သို့ လေယာဉ်ခရီးစဉ်များ တိုးမြှင့်ပေးရန် အစိုးရက ဗီယက်နမ်လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့ (CAAV) သို့ တောင်းဆိုခဲ့ပြီး အများစုမှာ ခရီးသွားဧည့်သည်များဖြစ်သည်။ ‌ပြောင်းရွှေ့ရေးခရီးစဉ်မှာ လေးရက်ခန့်ကြာမည်ဟု အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly