အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဇူလိုင် ၂၈

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ရောဘတ် အိုဘရိုင်ယန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့တွင် ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိ သည့် အဆင့်အမြင့်ဆုံး အရာရှိကြီး ဖြစ်လာခဲ့သည်။

အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ အိုဘရိုင်ယန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းကို ယမန်နေ့ ဇူလိုင် ၂၇ ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပြီး တစ်ဆက်တည်းမှာလည်း သမ္မတ ထရမ့် သို့မဟုတ် ဒုသမ္မတ မိုက်ပန့်စ်တို့ကို ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မရှိကြောင်း ထုတ်ပြန်သွားခဲ့သည်။

မစ္စတာ အိုဘရိုင်ယန်တွင် မပြင်းထန်သည့် ရောဂါလက္ခဏာများ ရှိနေပြီး လက်ရှိအချိန်တွင် ၎င်းဘာသာ သီးခြားခွဲကာ နေထိုင်လျက် ရှိကြောင်း၊  ၎င်း၏ အလုပ်တာဝန်များကိုလည်း အဝေးကနေ လုပ်ကိုင်ပေးလျက် ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမျိုးသားလုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများသည်လည်း အဟန့်အတားမရှိ ဆက်လက်လည်ပတ်လျက် ရှိကြောင်း ယင်းက ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်သည် အိမ်ဖြူတော် ၀န်ထမ်းတချို့ကို အံ့အားသင့်စေခဲ့ပြီး အိမ်ဖြူတော် အတွင်းပိုင်းတွင် ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းဖြန့်ဝေထားခဲ့ခြင်း မရှိခဲ့ဟု သိရသည်။

မစ္စတာ အိုဘရိုင်ယန်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတ ထရမ့်က ဖြေကြားရာတွင် ၎င်းအနေဖြင့် အမျိုးသားလုံခြုံရေးအကြံပေးနှင့်ယခုရက်ပိုင်းအတွင်း တွေ့ဆုံထားခဲ့ခြင်း မရှိကြောင်း၊ မစ္စတာ အိုဘရိုင်ယန် မည်သည့်အချိန်တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးသိရှိခဲ့သည်ဆိုသည်ကိုလည်း မသိကြောင်း ပြောသွားခဲ့သည်။

အသက် ၅၄ နှစ်ရှိ အိုဘရိုင်ယန်သည် သမ္မတနှင့် တွေ့ဆုံခြင်း မရှိသည်မှာ ရက်အနည်းငယ်ပင် ကြာမြင့်သွားပြီဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောသည်။ တချိန်တည်းမှာပင် အခြားသော အရာရှိတစ်ဦးကလည်း မစ္စတာ အိုဘရိုင်ယန်သည် ပြီးခဲ့သည့်အပတ်က အိမ်ဖြူတော်တွင် နောက်ဆုံး ရောက်ရှိထားခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly