ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လူပေါင်း ၈၀,၀၀၀ ခန့်ကို ဘေးကင်းရာ ပြောင်းရွှေ့

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လူပေါင်း ၈၀,၀၀၀ ခန့်ကို ဘေးကင်းရာ ပြောင်းရွှေ့

ဇူလိုင် ၂၇

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ခရီးသွားမြို့ ဒါနန်းတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြို့ခံ သုံးဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုအခါ တာဝန်ရှိသူများသည် အဆိုပါမြို့မှ လူပေါင်း ၈၀,၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရေး လုပ်ဆောင်နေကြောင်း အစိုးရက ဇူလိုင် ၂၇ ရက်တွင် ပြောသည်။

ပြောင်းရွှေ့ပေးသည့် လူများအနက် အများစုသည် ပြည်တွင်းခရီးသွားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့မှုက အနည်းဆုံး လေးရက်ခန့် ကြာမည်ဖြစ်ပြီး ပြည်တွင်းလေကြောင်းလိုင်းများသည် ဒါနန်းမြို့ကနေ တခြားသော ဗီယက်နမ်မြို့ ၁၁ မြို့သို့ နေ့စဉ် လေယာဉ်ခရီးစဉ် ၁၀၀ ခန့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သွားခဲ့သည်။

နိုင်ငံတွင် ဧပြီလနောက်ပိုင်း ပထမဆုံးသော ပြည်တွင်းကူးစက်မှုဖြစ်စဉ် တွေ့ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ဗီယက်နမ်အစိုးရက အတည်ပြုထုတ်ပြန်ပြီးနောက် အဆိုပါ အရှေ့တောင်အာရှနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် သတိပေးချက် ပြန်လည် ထုတ်ပြန်ထားခဲ့ရသည်။

ထို့ပြင် ဇူလိုင် ၂၆ ရက်တွင်လည်း နောက်ထပ် ကူးစက်မှုဖြစ်စဉ် သုံးခု ထပ်မံတွေ့ရှိခဲ့ပြီး အားလုံးသည် ဒါနန်းမြို့တွင်းနှင့် မြို့ဝန်းကျင်တွင် ကူးစက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် အာဏာပိုင်များသည် ကပ်ရောဂါအတွင်း တင်းကျပ်သည့် ကွာရန်တင်း အစီအမံများ ချမှတ်ခဲ့သလို ဗိုင်းရပ်စ်စစ်ဆေးမှုပိုင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ခြင်းအားဖြင့် နိုင်ငံတွင် စုစုပေါင်းကူးစက်သူဦးရေကို ၄၂၀ အောက်တွင်သာ ရှိစေခဲ့သည်။ ထို့ပြင် ယင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly