မြစ်ရေစည်းချက် . . . ဧရာဝတီ - ၁၁

မြစ်ရေစည်းချက် . . . ဧရာဝတီ - ၁၁

သန့်ဇော်(သန်လျင်)

အလှအပတို့ ပြန်လည်မွေးဖွားမယ့် မြစ်ဆုံ

ခေတ်တွေကိုကြည့်လိုက်တဲ့အခါ တဖြည်းဖြည်းနဲ့ လူသားတွေ‌ နေထိုင်မှုပုံစံပြောင်းသွား သလို ရာသီဥတုပုံစံကလည်း ပြောင်းလဲသွားတာတွေ့ရပါတယ်။ ရာသီဥတုပုံစံပြေင်းလဲ သွားတဲ့အခါ ပတ်ဝန်းကျင်ကလည်း ပြောင်းလဲသွားပါတော့တယ်။ ဒီလိုမျိုး ပြောင်းလဲခြင်း တွေကို ဒီနေ့မြစ်ဆုံဒေသနဲ့ ဧရာဝတီမြစ်ကြီးမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ပြောလို့ ရပါတယ်။

၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ မှာ သီပေါမင်း နန်းကျပြီးနောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့တွေဟာ ၁၈၈၅ ဒီဇင်ဘာ ၅ ရက်နေ့ ဗန်းမော်ကို ရောက်ရှိလာခဲ့တယ်။ အင်္ဂလိပ်အစိုးရက ကချင် ပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ပြီး ၁၉၂၀ ခုနှစ်နောက်ပိုင်းမှာ ဟူးကောင်းချိုင့်ဝှမ်း ဒေသကို သိမ်းတယ်။ ၁၉၃၀ ခုနှစ်မှာတော့ မေခ၊ မလိခ မြစ်ဆုံ တြိဂံဒေသကို သိမ်းယူခဲ့ တယ်။

ကချင်လူမျိုးတွေရဲ့ နယ်မြေဒေသတစ်ခုလုံးကို အင်္ဂလိပ်တို့က Kachin Hill Tract Regulation ဥပဒေ ပြဋ္ဌာန်းပြီး ပူတာအိုတောင်တန်းနယ်ခြားခရိုင်ဟူ၍ ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့တာကစလို့ တောတောင်ထူထပ်ပြီး သစ်ကြီးဝါး ကြီး အလွန်ပေါတဲ့ အလွန် သာယာလှပတဲ့နေရာတွေက သစ်တောတွေ၊ သစ်ခွအပါဝင် ပန်းမန်မျိုးစိတ်တွေ၊ တိရစ္ဆာန် မျိုးစိတ်တွေ တဖြည်းဖြည်းလျှော့နည်းလာပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း စစ်အစိုးရ ခေတ် (တပ်မတော်အစိုးရခေတ်)အပြီးမှာတော့ သစ်တောတွေပါမက ရွှေအပါ အဝင် အဖိုးတန်ဓာတ်သတ္တုတွေပါ ပြောင်တလင်းခါသွားပါတော့တယ်။

အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ အဲဒီမြစ်ဆုံဒေသနဲ့ မြစ်ဆုံအထက်ပိုင်းတွေကို သွားရောက်ခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာများ ရေးထားတဲ့ စာအုပ်တွေဖတ်ကြည့်ရင် တောတောင်အလှတွေနဲ့ မြစ်ဆုံဒေသဟာ အဲဒီခေတ် လူမရှိ သူမရှိတဲ့အချိန် ကြည်လင်အေးမြတဲ့ရေတွေဟာ သူ့အလျင်နဲ့ သူ စီးဆင်းနေတဲ့ ပုံသဏ္ဍန်ကို တွေးကြည့်လိုက်ပါ။ ခုတော့ ဧရာဝတီဟာ ကျွန်တော်တို့ ခေတ်၊ ကျွန်တော်တို့ လက်ထဲရောက်လာပါပြီ။ ကောင်းခြင်းဆိုးခြင်းကို ပြောဆိုမနေတော့ဘဲ ရှေ့အနာဂတ်မှာ ကျွန်တော်တို့ ဘယ်လို ထိန်းသိမ်းကြမလဲ၊ ကျွန်တော်တို့ အကျိုးရှိရှိ ဘာတွေလုပ်ကြမလဲဆိုတာကို အဖြေရှာရမှာပဲ ဖြစ်ပါတယ်။

မြစ်ဆုံကနေ အောက်ဖက် မြစ်ကြီးနားမြို့ဆီ စုန်ဆင်းကြည့်စေချင်ပါတယ်။ မြစ်ရေဟာ သူ့အလျင်နဲ့သူ အိ‌န္ဒြေကြီးနဲ့ ပုံမှန်စီးဆင်းနေပါတယ်။ ဒေသခံတွေအပြောအရကတော့ တစ်ခါတစ်ခါ မြစ်ကဖောက် တတ်တယ်တဲ့၊ မိုးတွင်းအခါမျိုးတွေဆို အထက်ဖက်မှာ မိုးကလည်းများ ရေခဲတောင်တွေကလည်း အရည်ပျော်တာများတယ်ဆိုတော့ ရေကြီး ရေလျှံတာတွေ၊ ကမ်းပါးတိုက်စားတာတွေ ဖြစ်တတ်တယ် တဲ့။ သစ်ပင်တွေဆို အပင် လိုက်ကျွတ်တာတွေလည်း မကြာမကြာဖြစ်လေ့ရှိတယ်တဲ့။ ကျွန်တော်တို့သွားတဲ့အချိန်ကတော့ မြစ်ရေဟာ ရေစီးသံညင်ညင်သာသာ နဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ စီးနေတာကို တွေ့ရပါတယ်၊ နွေရာသီ ရေကျချိန်မှာတော့ သောင်တွေဖြစ် ပေါ်နေပေမယ့် ဧရာဝတီမြစ်ရဲ့ တစ်ဖက်တစ်ချက်ဟာ လှနေတာကတော့ သေချာပါတယ်။

မြစ်ဆုံဖက်ကနေ ဧရာဝတီမြစ်အတိုင်းလာလို့ ဟိုးဝေးဝေးမှာ ဗလမင်းထင် ဧရာဝတီ မြစ်ကူးတံတားကြီးကိုလည်း လှပခန့်ထည်စွာမြင်နေရပါတယ် တဖြည်းဖြည်း စုန်ဆင်း ရင်းနဲ့ ထုထည်ကြီးမားတဲ့ တံတားနားရောက်တော့ တံတားပေါ်မှာ မော်တော်ကားလေး တွေကို ကလေးကစားစရာအရုပ်ကလေးတွေလို ရွေ့နေတာလည်း ကြည်နူးဖွယ်မြင်တွေ့ ရပါတယ်။ တစ်ဖက်က မြစ်ကြီးနား တစ်ဖက်က ဝိုင်းမော်မြို့တို့ရဲ့ အလှအပတွေကို စာမဖွဲ့တော့ပါ။

မြစ်ကြီးနားမြို့ထဲသွားလို့ မြို့ထဲကိုပတ်ကြည့်တဲ့အခါ နေရာတော်တော်များများမှာတော့ ထူးထူးဆန်းဆန်း အမှိုက်မရှိတာကိုတွေ့ရပါတယ်။ အထင်ကရ မနောတိုင်နားက ဧရာဝတီမြစ်ကို ကြည့်ရှုခံစားရင်း လုံဂါပါ စားသောက် ဆိုင်မှာ ညစာစားကြပါတယ်။ ရိုးရာစားသောက်စရာမျိုးစုံရပါတယ်။ စားသောက်ဆိုင်တစ်ခုလုံးဟာလည်း ရိုးရာပစ္စည်း အလှအပတွေနဲ့ ပြည့်နေပါတယ်။ ကျနော်ကတော့ ဧရာဝတီမြစ် ကြီးကိုသာ နေရာမျိုးစုံ က ကြည့်ရှုရင်း ဓာတ်ပုံရိုက်ပေါ့။ မြစ်ထဲတစ်ခါတစ်ရံ ဒိုက်တွေမျောလာတာလည်း  တွေ့ရ ပါတယ်။ မိုးတစ်ခါနှစ်ခါရွာထားတော့ မြစ်ရေဟာ နောက်နေပါတယ်။

မနောတိုင်ရှိတဲ့ ကမ်းခြေက ဧရာဝတီမြစ်ကြီးကို ကြည့်မယ်ဆို ရေပြင်ဟာတော်တော် လေး ကျယ်နေတာ တွေ့ရမှာပါ။ လှေတွေ သင်္ဘောတွေတော့ မတွေ့ရပါဘူး။ ရောက်တုန်း ရောက်ခိုက် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာပြည်မှာ အကြီးမားဆုံးလို့ပြောတဲ့ ပယင်း ဈေးကွက်ရှိရာ ပယင်းတွေရောင်းတဲ့ ဈေးဆိုင်တွေနဲ့ ပြည့်နှက်နေတဲ့ ပယင်းဈေးကြီးကို လည်း ရောက်ခဲ့ပါသေးတယ်။ ပယင်းဈေးကွက်လို့ပြောပေမယ့်လည်း ကျောက်စိမ်း အရိုင်းတုံးတစ်ချို့ကို ရောင်းဝယ်နေတာလည်းတွေ့ခဲ့ရပါတယ်။

ပယင်းတွေဟာ ပဲကြီးလှော်ထက်သေးတဲ့ အရိုင်းတုံး သေးသေးလေးတွေကစလို့ လက်သီးဆုပ်လောက်ရှိတဲ့ အရိုင်းတုံးရော ကုန်ချောလုပ်ထားတဲ့ ပုတီး၊ လက်စွပ်၊ ဆွဲကြိုးတွေအပြင် ပယင်းခေါင်းအုံး၊ ပယင်းလိမ်းဆေး စသဖြင့် ပယင်းနဲ့လုပ်ထားတဲ့ ပစ္စည်းမျိုးစုံကိုလည်း လေ့လာမှတ်သား ခဲ့ရပါတယ်။ ဆိုင်ကြီးတွေဖွင့်ပြီး ရောင်းတာ ရှိသလို ဆိုင်သေးသေးလေးတွေနဲ့ရောင်းတဲ့ဆိုင်တွေ၊ ပယင်းအမြောက်အမြားထွက်ရှိတဲ့ တနိုင်းဖက်က ကျောက်တူး(ပယင်းတူး)သမားတွေကိုယ်တိုင် အရိုင်းတုံးတွေကို အပုံလိုက် ပုံကာ လာရောင်းကြတာလည်း တွေ့ခဲ့ရပါတယ်။ ပယင်းတွေကို ကြည့်ရှုဝယ်ယူသူတွေထဲ မှာ တရုတ်နိုင်ငံသားတွေကိုလည်း တွေ့ခဲ့ပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ မြစ်ကြီးနားပယင်းဈေးက ပယင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဟာ နိုင်ငံရပ်ခြားကို နည်းအမျိုးမျိုးနဲ့ရောက်သွားပြီး ကျန်တာတွေကတော့ ပြည်တွင်း သုံးစွဲသူတွေအကြား ရောက်ရှိသွားတယ်လို့ ပယင်းဈေးက ဈေးသည်တစ်ဦးက သူ့အတွေ့ အကြုံကို ပြောပြပါတယ်။ ကျွန်တော်ကတော့ အမှတ်တရရော ကျွန်တော်တို့နိုင်ငံက ထွက်ရှိတယ်ဆိုတဲ့ သယံဇာတကို မြတ်နိုးတာရယ်ကြောင့် ပယင်းအကြေလေးတွေ လက်တစ် ဆုပ်ကို မြန်မာငွေ တစ်သောင်းကျပ်နဲ့ ဝယ်ခဲ့ပါတယ်။

ညဖက်ကို မြစ်ဆုံဟိုတယ်မှာ အိပ်ပြီး မနက်မိုးလင်းတဲ့အခါ ဧရာဝတီမြစ်ကြီးကို ကြည့် ရင်း ခရီးဆက်ကြပြန်ပါတယ်။  ။

(ဆက်လက်ဖော်ပြပါမည်)သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly