နယ်စပ်ပိတ်ထားဆဲဖြစ်၍ ထိုင်းနိုင်ငံတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ပြန်ဝင်ရောက်ရေး အခက်အခဲ ဖြစ်နေ

နယ်စပ်ပိတ်ထားဆဲဖြစ်၍ ထိုင်းနိုင်ငံတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ပြန်ဝင်ရောက်ရေး အခက်အခဲ ဖြစ်နေ

ဇူလိုင် ၂၆

ထိုင်းအစိုးရက လော့ဒေါင်းလုပ်ငန်းစဉ်များ ဖြေလျှော့လိုက်ပြီးနောက် စီးပွားရေးလုန်းငန်းများ ပြန်လည်ဖွင့်လာကြာ အလုပ်သမား ငှားရမ်းမှုများ ပြန်လည်စတင်လာသည်။

သို့သော် COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံရင်းပြန်ကြပြီး စောင့်ဆိုင်းနေသော ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေး အခက်အခဲ ဖြစ်နေသည်။

လူအင်အား နည်းပါးသော ဆောက်လုပ်ရေးနှင့် ငါးဖမ်းလုပ်ငန်းတို့ ပြန်လည်အသက်ဝင်လာခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမား လိုအပ်ချက် မြင့်တက်လာလင့်ကစား ၎င်းတို့၏ လုပ်ငန်းခွင်သို့ ပြန်ရောက်ရေး အလားအလာမှာ မကောင်းမွန်ဘဲ ရှိနေသည်။

အစိုးရက နယ်စပ်ကို ပြန်မဖွင့်သေးဘဲ လူဝင်မှုကြီးကြပ်ရေးဗျူရိုကလည်း အိမ်နီးချင်းနိုင်ငံများမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဘေးကို တားဆီးနိုင်ရန် ခိုးဝင်လာသူများကို ဟန့်တားရေး၌ နှစ်ဆလုံ့လစိုက်ထူနေသည်။

နယ်စပ်ပြည်နယ်တိုင်း အထူးသဖြင့် ကမ္ဘောဒီးယားနှင့် နယ်စပ်တွင် ရွှေ့ပြောင်းအလုပ်သမားများ ခိုးဝင်ခြင်းကို ဟန့်တားနိုင်ရန် ထောက်လှမ်းစောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ကော်မရှင်နာမင်းကြီး ရဲမှူး ဆွမ်ပေါင်က ပြောသည်။

အလုပ်မရှိ၊ ငွေကြေးမရှိ၍ ရွှေ့ပြောင်းအလုပ်သမား များစွာသည် ယခုနှစ် အစောပိုင်း လော့ဒေါင်းချသည့်အချိန်၌ ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ကြသည်။ မြန်မာမှ ငါးသောင်းနီးပါး၊ ကမ္ဘောဒီးယားမှ သုံးသောင်းနီးပါးက ၎င်းတို့၏ နိုင်ငံရင်းသို့ ပြန်ကြသည်ဟု နိုင်ငံတကာအလုပ်သမား NGOs အဖွဲ့က ခန့်မှန်းသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ပွားခင်က ထိုင်းနိုင်ငံအတွင်း အလုပ်ပါမစ် ရှိသူရော၊ မရှိသူရော ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၇ သန်း ရှိထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရွှေ့ပြောင်းအလုပ်သမားများသည် နယ်စပ်ကို ဖြတ်ကာ ခိုးဝင်လာကြခြင်းများကြောင့် အလုပ်ပြန်ဝင်ရန် ကြိုးစားကြသည့် အများစုသော ယင်း အလုပ်သမားများကို ရဲတပ်ဖွဲ့က ဟန့်တားနေခဲ့ရသည်။

ဧပြီလမှ စပြီး လစဉ် ခိုးဝင်လာသော ရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာကို နယ်စပ်တာဝန်ရှိသူများက ဖမ်းဆီးရမိသည်။ အများဆုံးမှာ ကမ္ဘောဒီးယားမှဖြစ်ကာ ၄၀၀ မှ ၅၀၀ ကြား ယင်းနောက်တွင် မြန်မာက ၂၀၀ မှ ၃၀၀ ကြားနှင့် လာအိုက ၇၀ မှ ၈၀ ကြား ဖမ်းဆီးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly