သမ္မတဟောင်း ဦးသိန်းစိန် ရွေးကောက်ပွဲဝင်ပြိုင်မည်မဟုတ်

သမ္မတဟောင်း ဦးသိန်းစိန် ရွေးကောက်ပွဲဝင်ပြိုင်မည်မဟုတ်
Photo - AFP

ဇူလိုင် ၂၆

ဇွန်လအစောပိုင်းသတင်းများအရ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်သည် ဧရာဝတီတိုင်းဒေသကြီး မှာရွေးကောက်ပွဲဝင်ပြိုင်မည်ဟု သတင်းတွေထွက်ပေါ်လာခဲ့သည်။

ဦးသိန်းစိန်သည်လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက်သာ စည်းရုံးပေးမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောပါတယ်။

“ ဦးသိန်းစိန် ဝင်ရောက်ရွေးချယ်ခံဖို့ကတော့ မရှိဘူးလို့ကျနော်ထင်ပါတယ်” ဟု ၎င်းကပြောသည်။

အသက် ၇၆နှစ်အရွယ်ရောက်ရှိနေပြီဖြစ်သည့် ဦးသိန်းစိန်သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျုံကူးရွာဇာတိဖြစ်သောကြောင့် ပုသိမ်မဲဆန္ဒနယ်မှဝင်ရောက်ရွေးချယ်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ပထမအပတ်မှာထုတ်ပြန်ကြေညာပေးမည်ဟု ဦးသိန်းထွန်းဦးကပြောသည်။

“ သတင်းအမှန်ကတော့ ပါတီဥက္ကဋ္ဌကြီး နိုင်ငံတော်သမ္မတ အငြိမ်းစား ဦးသိန်းစိန်အနေနဲ့ပေါ့နော် ပါတီဝင်တိုင်းမှာလုပ်ပေးရမယ့်အောင်နိုင်ရေးအတွက် ဝင်ဆောင်ရွက်ပေးမယ် သူ့ရဲ့အသက်အရွယ် သွားလာနိုင်မှုအနေအထားပေါ်မှာအခြေတည်ပြီးတဲ့ခါကျတော့ အောင်နိုင်ရေးကိစ္စကိုလုပ်ဆောင်ပေးဖို့ရှိပါတယ်”ဟုဦးသိန်းထွန်းဦးကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ  ၄.၉ ရာခိုင်နှုန်းခန့်အနိုင်ရရှိခဲ့ပြီးလာမည့်ရွေးကောက်ပွဲတွင်ပါတီထိပ်ပိုင်းခေါင်းဆောင်များဝင်ရောက်ယှဉ်ပြိုမည်ဟုသိရသည်။လက်ရှိတွင်ဒုတိယသမ္မတဦးမြင့်ဆွေကကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီးထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ် ကပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုဝင်ရောက်ရွေးချယ်ခံခဲ့ရာ ထောက်ခံမဲ ၉၁ ရာခိုင်နှုန်း ဖြင့်အနိုင်ရရှိခဲ့သူဖြစ်သည်။ ၂၀၁၁ ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရပြီး ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းအထိတာဝန်ထမ်းဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly