မြောက်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တွေ့ရှိ၍ ကင်ဂျုံးအွန်က အရေးပေါ်အစည်းအဝေး ခေါ်ယူ

မြောက်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တွေ့ရှိ၍ ကင်ဂျုံးအွန်က အရေးပေါ်အစည်းအဝေး ခေါ်ယူ

မြောက်ကိုရီးယားနိုင်ငံတွင် လူတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိပြီးနောက် ခေါင်းဆောင်ကင်ဂျုံးအွန်က အရေးပေါ် ပေါလစ်ဗျူရိုအစည်းအဝေး ခေါ်ယူခဲ့ကြောင်း နိုင်ငံပိုင်သတင်း၌ ဇူလိုင် ၂၆ ရက်တွင် ဖော်ပြသည်။

ယခုလအတွင်းက နယ်စပ်ကို ခိုးဝင်ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံဖက်မှ ပြန်လာသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိခြင်း ဖြစ်သည်။

အကယ်၍ ကူးစက်ထားခံရကြောင်း အတည်ပြုနိုင်ပါက ၎င်းသည် မြောက်ကိုရီးယားအာဏာပိုင်များ တရားဝင်ဝန်ခံသော ပထမဆုံးအတည်ပြုလူနာ ဖြစ်လိမ့်မည်။ မြောက်ကိုရီးယား အာဏာပိုင်များသည် လက်ရှိအထိ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်ကြောင်း ပြောထားသည်။

လွန်ခဲ့သော သုံးနှစ်က တောင်ကိုရီးယားဖက်သို့ ပြည်ပြေးသွားခဲ့သော အဆိုပါ ပုဂ္ဂိုလ်သည် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော ခံတပ်နယ်စပ်ကို ဖြတ်ပြီး နိုင်ငံတွင်းသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်ကာ ၎င်း၌ COVID-19 ရောဂါဟု ယူဆရသည့် လက္ခဏာများ ပြကြောင်း နိုင်ငံပိုင် KCNA သတင်းက ဖော်ပြသည်။

“ကေဆောင်မြို့မှာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပွားပါတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တောင်ကိုရီးယားဖက်ကို ထွက်ပြေးပြီး ဇူလိုင် ၁၉ ရက်မှာ နယ်စပ်ကို ခိုးဖြတ်ပြီး ပြန်ဝင်ရောက်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိရပါတယ်။”ဟု KCNA သတင်းက ဆိုသည်။

၎င်းပုဂ္ဂိုလ်အား စမ်းသပ်စစ်ဆေးပြီးပြီလားဆိုသည်ကို သတင်းဌာနက အတိအကျ မဖော်ပြသော်လည်း ၎င်းပုဂ္ဂိုလ်၏ အသက်ရှုအင်္ဂါနှင့် သွေးနမူနာများအား ဆေးဝါးစစ်ဆေးမှု အချို့ လုပ်ဆောင်ခဲ့ရာမှာ မသေချာသည့် ရလဒ်များသာ ထွက်ရှိသေးသည်ဟု ထပ်လောင်းဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် ရုရှနှင့် အခြားသော နိုင်ငံများမှ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ပစ္စည်း ထောင်ပေါင်းများစွာကို ရရှိထားပြီး နယ်စပ်ကိုလည်း တင်းကြပ်စွာ ပိတ်ထားသည်။

နိုင်ငံအတွင်း ပြည်သူထောင်ပေါင်းများစွာကို ရောဂါခြေချုပ် ထားရှိခဲ့သော်လည်း ကန့်သတ်စည်းမျဉ်းများကို မကြာသေးမီက ဖြေလျှော့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly