နယူးယော့ခ်၏ အသေးငယ်ဆုံး ကျွန်း သို့မဟုတ် ဦးသန့်ကျွန်း

By Untapped new york
24 July 2020
နယူးယော့ခ်၏ အသေးငယ်ဆုံး ကျွန်း သို့မဟုတ် ဦးသန့်ကျွန်း

ဇူလိုင် ၂၄

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ ကုလသမဂ္ဂ ရုံးအဆောက်အအုံနှင့် Long Island City အရပ်အကြား လမ်းတစ်ဝက်တွင် တည်ရှိသည့် နေရာတစ်ခုက ၁၈၉၀ ပြည့်နှစ်အတွင်း အရှေ့ဘက်မြစ် (East River) တွင် ပေါ်ထွက်ခဲ့ သည့် ဧကဝက်ခန့်ရှိ ကျွန်းငယ်လေးတစ်ခုပင် ဖြစ်သည်။

ယင်းကျွန်းငယ်လေးကို ဦးသန့်ကျွန်းဟု သိကြပြီး မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုခေါ်ဆိုခြင်း ဖြစ်သည်။ စန္ဒရားထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင် ဝီလီယမ် စတိန်းဝေး ဆိုသူက Manhattan နှင့် Astoria အရပ် Steinway village အကြား အရှေ့ဘက်မြစ်အတွင်း ရေအောက်ဖြတ် ထရော်လီလိုဏ်ခေါင်းဆောက်ရန်အတွက် တူးဖော်ခဲ့သည့် အရာများဖြင့် ယင်းကျွန်းကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က အလုပ်သမားများသည် granite ကျောက်သား ကျောက်စွန်းတစ်ခုကို ဖြတ်ဆင်းပြီး ဥမင်တူးဖော်ခဲ့ကြပြီး တူးဖော်ရရှိသည့် အစုအပုံများကြောင့်် Belmont ကျွန်းဟု တရားဝင် သိခဲ့ကြသော လူလုပ်ကျွန်း တစ်ခု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယင်း ဥမင်လိုဏ်ဂူများ မပြီးစီးခင် ၁၈၉၆ ခုနှစ်တွင် စတိန်းဝေး ကွယ်လွန်သွားခဲ့သည်။ ယင်းနောက် ဆယ်စုနှစ်တစ်စုအကြာမှ အဆိုပါလိုဏ်များသည် Interborough Rapid Transit (IRT) ကုမ္ပဏီ၏ ကြီးကြပ်မှုအောက် တွင် ပြီးစီးသွားခဲ့သည်။

၁၉၀၆ ခုနှစ်က New-York Tribune သတင်းစာတွင် ပါရှိသည့် သမိုင်းဝင်ဓာတ်ပုံတစ်ပုံတွင် အဆောက်အအုံများ၊ တွင်းတူးပစ္စည်းများဖြင့် ရှိနေသော အသစ် ဖန်တီးထားသော ကျွန်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။

မည်သူတစ်ဦးတစ်ယောက်မှ ယင်းကျွန်းပေါ်တွင် မနေခဲ့ပေ။ ယင်းသည် တွင်းနှင့် ဆက်သွယ်ချိတ်ဆက်သည့် လုပ်ဆောင်မှုများ၊ ကိရိယာများအတွက် ရည်ရွယ်ခဲ့သလို အောက်ဘက်ရှိ Belmont ဥမင်လိုဏ်များအတွက် ချိတ်ဆက်ရာနေရာ တစ်ခုအဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အဆောက်အအုံများသည် ၁၉၁၈ ခုနှစ်ဝန်းကျင်မတိုင်ခင်အထိ ကျွန်းပေါ်တွင် ရှိနေခဲ့သည်။

ယင်းနောက် IRT ၏ အဓိကငွေကြေးမတည်သူတစ်ဦးဖြစ်သလို ယင်း၏ ဥက္ကဌဖြစ်သည့် August Belmont Jr. ကို အစွဲပြုပြီး Belmont ကျွန်းဟု ခေါ်ခဲ့သည်။ ၎င်းသည်လည်း အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ၎င်းထံတွင် ကိုယ်ပိုင် ပုဂ္ဂလိက မြေအောက်မီးရထား ရှိခဲ့ပြီး ယင်းသည် ယနေ့အချိန်အထိ ရှိနေဆဲဖြစ်သည်။

ယင်းသို့ဆိုလျင် ဦးသန့်ကျွန်းဆိုပြီး မည်သို့ ဖြစ်လာခဲ့သလဲ။

၁၉၇၀ ပြည့်နှစ်တွင် ဒဿနပညာရှင် ဂုရု Sri Chinmoy ၏ နောက်လိုက်များဖြစ်ပြီး ကုလမှ ဝန်ထမ်းအုပ်စုတစ်စုက Chinmoy ၏ မိတ်ဆွေဖြစ်သည့် ကုလအတွင်းရေးမှူးချုပ် ဦးသန့်ကို ဂုဏ်ပြုပြီး ယင်းကျွန်းကို ဦးသန့်ကျွန်းဟု အလွတ်သဘော ခေါ်ဆိုခဲ့ကြသည်။

ဦးသန့်ကျွန်း အသုံးပြုမှုသည် တရားဝင် လွှဲပြောင်းယူမှုတစ်ခု ဖြစ်ခဲ့ပြီး အဆိုပါ ဝန်ထမ်းအုပ်စုသည် နယူးယော့ခ် ပြည်နယ်မှ ကျွန်းကို ငှားရမ်းခဲ့ပြီး ၁၉၇၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ယင်းကျွန်းနာမည်အဖြစ် ဦးသန့်ကို ရည်စူးပြီး ဦးသန့်ကျွန်းဟု ခေါ်ဆိုကြောင်း ထုတ်ဖော်ခဲ့ကြသည်။ နယူးယော့ခ် အုပ်ချုပ်ရေးမှူး Hugh Carey ကလည်း အဆိုပါ အစီအစဉ်ကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။ ဝန်ထမ်းအုပ်စုသည် ကျွန်းပေါ်တွင် သစ်ပင်များ ၊ ပန်းမန်များ စိုက်ခဲ့ပြီး ပြည်နယ်ထံမှ ကျွန်းကို တရားဝင်ငှားရမ်းမှုကို အခမ်းအနားဖြင့် ဖွင့်လှစ်ကျင်းပခဲ့သည်။ ယင်းနေရာတွင် ဦးသန့်ငြိမ်းချမ်းရေးဆုအတွက် ဆုပေးပွဲအခမ်းအနားတစ်ခုတောင် လုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါအုပ်စုသည် ၎င်းတို့ စိုက်ခဲ့သည့် သစ်ပင်များကို ထိန်းသိမ်းရန် တစ်နှစ်လျင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဦးသန့်ကျွန်းသို့ လာရောက်ခွင့် ရခဲ့သည်။ သို့သော် ၁၉၉၀ တွင် လုံခြုံရေးတင်းကျပ်မှုနှင့်အတူ အဆိုပါ သွားလာမှုများက အဆုံးသတ်ခဲ့သည်။ ၎င်းတို့သည် ပေ ၃၀ မြင့်သည့် စတီးလ်ဖရိန်တစ်ခုလည်း ချန်ထားခဲ့ပြီး ယင်းအောက်တွင် ဦးသန့်၏ စာများ၊ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည့် ကျည်တောင့်တစ်ခုကို မြှှုုပ်ထားခဲ့ကြောင်း သိရသည်။

ယင်းနောက်ပိုင်း ဦးသန့်ကျွန်းကို သိမ်းယူမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် တက်ကြွလှုပ်ရှားသူများက ယင်းကျွန်းကို ၂၁ နာရီ ခွဲကြာ သိမ်းပိုက်ခဲ့ပြီး ယင်းကို “ဆိုဗီယက် ဂျူး လွတ်မြောက်ရေး ကျွန်း” ဟု ကြေညာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင်လည်း ရီပတ်ဘလစ်ကန်အမျိုးသားကွန်ဗန်းရှင်းအတွက် နယူးယော့ခ်မြို့တွင် လုံခြုံရေးတိုးမြှင့်မှုကို ဆန္ဒပြသည့်အနေဖြင့် အနုပညာရှင် Duke Riley က ဦးသန့်ကျွန်းကို ရောက်ရှိသွားပြီး ယင်းကို လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် ကြေညာခဲ့သေးသည်။

နယူးယော့ခ်မြို့၏ အသေးငယ်ဆုံးကျွန်းဟု ဆိုသော ဦးသန့်ကျွန်းသည် ယနေ့အချိန်အခါ အရွယ်အစားမှာ ဥမင်လိုဏ်ဂူများ တူးဖော်စဉ်က အသုံပြုခဲ့သည့် အရွယ်အစားထက် ပိုမိုသေးငယ်နေပြီဖြစ်သည်။ ဦးသန့်ကျွန်းအဖြစ် ကျန်ရှိနေသည့် အနေအထားသည် အရွယ်အစားအားဖြင့် ပေ ၅၀-၁၀၀ ၊ ပေ ၂၀၀ ပတ်လည် ခန့်ရှိ ကျဉ်းမြောင်းသော ကျောက်တုံးကျွန်းတစ်ခုအဖြစ် ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါ ဦးသန့်ကျွန်းသည် နယူးယော့ခ်မြို့ သမိုင်း၏ အထူးဆန်းသော အရာတစ်ခုအဖြစ်လည်း ရပ်တည်နေလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly