Fitbit သို့မဟုတ် Apple Watch က ကိုဗစ်-၁၉ ကနဦးလက္ခဏာရပ်များကို ထောက်လှမ်းနိုင်ခြင်း ရှိမရှိ လေ့လာနေ

Fitbit သို့မဟုတ် Apple Watch က ကိုဗစ်-၁၉ ကနဦးလက္ခဏာရပ်များကို ထောက်လှမ်းနိုင်ခြင်း ရှိမရှိ လေ့လာနေ

ဇူလိုင် ၂၄

ပုံမှန်အားဖြင့် ကိုယ်လက်လှုပ်ရှားမှုနှင့် ဆက်နွယ်သည့် Fitbit နှင့် အခြားသော wearable devices များကို ရောဂါလက္ခဏာမပြခင် ကိုဗစ်-၁၉ ကူးစက်ခံထားရနိုင်ခြေရှိသော လူများကို ဖော်ထုတ်နိုင်မည့် နည်းလမ်းများအဖြစ် အသုံးချနိုင်ခြင်း ရှိမရှိ လေ့လာလျက် ရှိကြောင်း သိရသည်။

အထက်ပါပစ္စည်းများက မကြာခဏ တိုင်းတာပေးသော နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်း ပြောင်းလဲမှုများနှင့် အခြားသော ဇီဝမှတ်တမ်းများက ဗိုင်းရပ်စ် ကူးစက်မှု အစောပိုင်း အဆင့်များကို အချက်ပြနိုင်ဖွယ်ရာ ရှိသည့်အတွက် ကျန်းမာရေးကို အလေးထားသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် ၎င်းဘာသာ သီးခြားခွဲနေရန်နှင့် ကိုဗစ်-၁၉ စစ်ဆေးမှု ခံယူရန် သိရှိနိုင်မည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

“ခင်ဗျား နေမကောင်းဖြစ်ချိန်မှာ ခင်ဗျား ဒါကို မသိခင်မှာတောင်မှ ခင်ဗျားရဲ့ ခန္ဓာကိုယ်ဟာ စပြီး ပြောင်းလဲလာပါတယ်၊ ခင်ဗျားရဲ့ နှလုံးခုန်နှုန်းကလည်း တက်လာပါတယ်” ဟု စတန်းဖို့ဒ် တက္ကသိုလ် ဆေးပညာကျောင်းမှ ပါမောက္ခ Michael Snyder က ပြောသည်။

ယခုအခါ Fitbit သို့မဟုတ် Apple Watch ကဲ့သို့သော wearable fitness devices များက ကိုဗစ်-၁၉ အတွက် ကနဦး ကြိုတင်သတိပေးမှုတစ်ခု ထောက်ပံ့ပေးနိုင်သလား ဆိုသည်နှင့်ပတ်သက်၍ စတန်းဖို့ဒ် သုတေသီများအပါအ၀င် သုတေသအဖွဲ့တချို့ လေ့လာလျက် ရှိကြောင်း သိရသည်။

Synder ၏ အဖွဲ့သည် လေ့လာချက်အတွက် လူပေါင်း ၅,၀၀၀ ကို စာရင်းသွင်းထားပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သူ ၃၁ ဦးထံမှ smartwatch ဒေတာအချက်အလက်များကို လေ့လာထားခဲ့သည်။

အဆိုပါ ၃၁ ဦးအနက် ၈၀ ရာခိုင်နှုန်း၏ wearable devices များတွင် ရောဂါလက္ခဏာရပ် မပေါ်လာခင် သို့မဟုတ် လက္ခဏာရပ်များ ပေါ်လာသည့်အချိန်၌ ကူးစက်မှုကို ညွန်ပြခဲ့သည့် ဒေတာအချက်အလက်များ ရှိနေသည်ကို တွေ့ရှိခဲ့သည်။ Wearable devices များသည် ပျမ်းမျှသုံးရက်အတွင်း ရောဂါလက္ခဏာ မပေါ်ခင် သို့မဟုတ် ပေါ်လာချိန်တွင် ကူးစက်မှု၏ ကနဦးပိုင်း အချက်ပြမှုများကို ကောက်ယူစုဆောင်းခဲ့ကြောင်း သိရသည်။

ပိုမိုသိသာပေါ်လွင်သော ရောဂါလက္ခဏာရပ်များ ပေါ်မလာခင် ကိုးရက်တွင် ဖြစ်နိုင်ဖွယ် ကိုဗစ်-၁၉ ကူးစက်မှု၏ ပထမဆုံး အချက်ပြမှုကို smartwatch တစ်လုံးက ရှာတွေ့နိုင်စွမ်း ရှိခဲ့သည်ကို Snyder ၏ အဖွဲ့က တွေ့ရှိခဲ့သည်။

“လက္ခဏာရပ်တွေ မပြခင် တစုံတစ်ယောက်ဟာ နေမကောင်းဖြစ်ချိန်မှာ ကျွန်တော်တို့ ဒါကို ပြောလို့ရနိုင်ပါတယ်၊ ဒါက တကယ် အားကောင်းပါတယ်၊ ခင်ဗျားအနေနဲ့ လူတွေကို အိမ်ထဲမှာ နေဖို့ ပြောနိုင်ပါတယ်၊ အပြင်မထွက်ကြနဲ့၊ အခြားသူတွေကို ကူးလိမ့်မယ်ဆိုပြီး ပြောနိုင်ပါတယ်” ဟု Snyder က ပြောသွားသည်။

လက်ရှိအချိန်တွင် ကမ္ဘတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅ သန်းကျော်နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ခြောက်သိန်းကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly