မြန်မာနိုင်ငံ၌ LNG ဓာတ်အားပေးစက်ရုံ ဂျပန်ကုမ္ပဏီများ တည်ဆောက်မည်

မြန်မာနိုင်ငံ၌ LNG ဓာတ်အားပေးစက်ရုံ ဂျပန်ကုမ္ပဏီများ တည်ဆောက်မည်

ဇူလိုင် ၂၄

ဂျပန် ကုမ္ပဏီများဖြစ်သော Marubeni ၊ Sumitomo Corp. နှင့် Mitsui & Co. တို့သည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရည် LNG သုံး ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသည် အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ၏ အကြီးဆုံးသော ရင်နှီးမြုပ်နှံမှုများအနက် တစ်ခု ဖြစ်မည် ဖြစ်ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက ပြောသည်။

ယခု ပရောဂျက်၏ စုစုပေါင်း ရင်းနှီးမြုှပ်နှံမှုတန်ဖိုးသည် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကနေ ဒေါ်လာ ၂ ဘီလီယံအကြား ရှိမည်ဟု အဆိုပါ ကုမ္ပဏီသုံးခုက အကြမ်းဖျင်း မှန်းဆသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံကို လာမည့် ၂၀၂၅ တွင် စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ရပြီး ယင်းစက်ရုံ၏ ထုတ်လုပ်နိုင်မည့် ပမာဏသည် မြန်မာနိုင်ငံရှိ ရှိပြီးသား ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှု၏ ၂၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဖြစ်သည်။

အခြေခံအဆောက်အအုံ သဘောတူညီချက်များအတွက် တရုတ်တို့ အပြင်းအထန် ပြိုင်ဆိုင်နေသော ဒေသတစ်ခုတွင် ယခု ပရောဂျက်က ဂျပန်တို့အတွက် အောင်မြင်မှုတစ်ခုလည်း ဖြစ်သည်။

အရှေ့တောင်အာရှတွင် LNG စွမ်းအင်အပေါ် တောင်းဆိုမှုသည် တန်ဖိုးသက်သာသော ကျောက်မီးသွေးနေရာတွင် မီးခိုးထုတ်လွှတ်မှုနည်းပါးသော အခြား အစားထိုးရွေးချယ်စရာတစ်ခုအဖြစ် ကြီးထွားလာမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင်လည်း စက်မှုလုပ်ငန်း ထွန်းကားခြင်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးခြင်းတို့နှင့်အတူ လျှပ်စစ် လိုအပ်ချက်သည် တစ်နှစ်လျင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ နှုန်းထားတစ်ခုဖြင့် ကြီးထွားလာနေခဲ့သည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းထဲတွင် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုများကို ဖိတ်ခေါ်မည့် နိုင်ငံ၏ ရည်ရွယ်ချက်အတွက်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများက အတားအဆီးတစ်ခု ဖြစ်နေခဲ့သည်။

 ယခု ဓာတ်အားပေးစက်ရုံကို ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုတွင် တည်ဆောက်သွားမည်ဖြစ်သည်။ ဂျပန်ကုမ္ပဏီသုံးခုအနေဖြင့် ပြည်တွင်းရှိ လုပ်ငန်းစုတစ်ခုဖြစ်သော Eden Group နှင့်အတူ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်းတစ်ခုကနေတဆင့် ယင်း စက်ရုံကို လည်ပတ်သွားမည်ဖြစ်သည်။

ယင်းစက်ရုံသည် စုစုပေါင်း ဓာတ်အား ၁,၂၅၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly