ပဒိုမန်းငြိမ်းမောင် ရွေးကောက်ပွဲ ဝင်မည်

ရန်ကုန်၊ဇူလိုင် ၂၄

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ကာယကံရှင်က မဇ္ဈိမကို ပြောသည်။

ပဒိုမန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံမည်ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်"ဟုတ်တယ်၊ ပန်းတနော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ဝင်ပြိုင်မယ်၊ မိခင် အဖွဲ့အစည်းကလည်း နှုတ်ထွက်ခွင့်ပြုထားပြီပါပြီး"ဟု ပြောသည်။

နိုဝင်လာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပဒိုမန်းငြိမ်းမောင်က တစ်သီးပုဂ္ဂလဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မိခင်အဖွဲ့အစည်းဖြစ်သည့် ကရင်လက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)ကနေ နှုတ်ထွက်ကြောင်း ဇူလိုင် ၂၁ ရက်က စာတင်ခဲ့ရာ အဖွဲ့အစည်းကလည်း လက်ခံခဲ့သည်။

ထို့ကြောင့် ပဒိုမန်းငြိမ်းမောင်သည် လက်နက်ကိုင်တော်လှန်ရေးသမားဘဝကနေ လွှတ်တော် နိုင်ငံရေးသမားဘဝသို့ ကူးပြောင်းလာသူ ဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ဒီလို ဖြစ်လာတော့ ကျွန်တော်ကတော့ ပြည်သူတစ် ရပ်အနေနဲ့ ကြိုဆိုတယ်။ လက်နက်ကိုင်နိုင်ငံရေးကနေ လွှတ်တော်နိုင်ငံရေးပြောင်းလာတာက ကောင်းတာပေါ့။ သူက အတွေ့အကြုံတွေ အများကြီးရှိတော့ သူတို့လို ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ ရောက်လာတော့ ပြောနိုင် ဆိုနိုင်တာပေါ့ ပိုကောင်းတယ်”ဟု ပြောသည်။

ပဒိုမန်းငြိမ်းမောင်သည် ကရင့်တော်လှန်ရေး မြေအောက်ရဲဘော်အဖြစ် တာဝန်ယူ ဆောင်ရွက်စဉ် ၁၉၆၇ ခုနှစ်၊ဇူလိုင် ၂၀ ရက်တွင် အဖမ်းခံခဲ့ရပြီးနောက် ၁၉၆၉ ခုနှစ်၊ဖေဖော်ဝါရီ ၁၂ ရက်တွင် နိုင်ငံ ရေးအကျဉ်းသား ၂၃၃ ဦးနှင့်အတူ ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

ထို့နောက် ကိုကိုးကျွန်းမှာ အကျဉ်းကျခံနေရာတွင် လှေငယ်တစ်စင်းကို အချိန် (၈)လကြာ တည်ဆောက်ခဲ့ပြီးနောက် ထောင်ဖောက်ပြေးကာ ပင်လယ်ကို ဖြတ်ကျော်၍ ထားဝယ်အထက် ရေးချောင်းအဝ ရောက်သည့်အခါမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးခံထားရစဉ် ၂၀၁၁ ခုနှစ်အရောက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရသည့်အတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် တရားစွဲကာ ထောင်ချခံခဲ့ရပြန်သည်။

ဖမ်းဆီးခံနေရစဉ် ကရင်လက်နက်ကိုင် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာမှာ ဖမ်းဆီးခံ ထားရသော ပဒိုမန်းငြိမ်းမောင်ကို ပြန်လွတ်ပေးရန် KNU ၏ တောင်းဆို ချက်အရ ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ပြု လွတ်ပေးခဲ့သည်။

ထို့နောက် KNU နှင့် အစိုးရတို့ကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်၊ဇန်နဝါရီ ၁၂ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီ ၇ ရက်တွင်လည်းကောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လည်းကောင်း ချုပ်ဆိုခဲ့ကြသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရေး အစိုးရနှင့် KNU ကြား ငြိမ်းချမ်းရေး ဆွေးနွေး ရာတွင် ပဒိုမန်းငြိမ်းမောင်သည် KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တစ်လျှောက်လုံး ပါဝင်ခဲ့ပြီး တခြားသော လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးရာမှာလည်း တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့မှာ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly