စောဒေးဗစ်လားအမှုကို ဩဂုတ်လ ၆ ရက်နေ့ အပြီးသတ်အမိန့်ချမည်

စောဒေးဗစ်လားအမှုကို ဩဂုတ်လ ၆ ရက်နေ့ အပြီးသတ်အမိန့်ချမည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇူလိုင် ၂၃

တရားဟောဆရာ စောဒေးဗစ်လားနှင့် နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ နှစ်ဦးအမှုကို လာမည့်ဩဂုတ်လ ၆ ရက်နေ့ (၁၅) ကြိမ်မြောက် ရုံးချိန်းတွင် မရမ်းကုန်းမြို့နယ်တရားရုံးက အပြီးသတ်အမိန်ချမှတ်တော့မည် ဖြစ်သည်။

နှစ်ဖက်ရှေ့နေများ၏ အပြီးသတ် လျှောက်လဲချက်နှင့် ယခင်ရုံးချိန်းက သက်သေများ၏ စစ်ဆေးပေါ်ပေါက်ချက်အပေါ် မှုတည်ပြီး တရားရုံးက အပြီးသတ်အမိန့်ချမှတ်မည်လည်း ဖြစ်သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ဦးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်ဝင်းက “ဒီနေ့က အပြီးသတ်လျှောက်လဲချက်လို့ ခေါ်တယ်။ အပြီးသတ်လျှောက်လဲချက်ဆိုတာက တရားလိုဘက်က သက်သေ ဆယ့်နှစ်ယောက်ရှိတယ်။ စွပ်စွဲခံရသူဘက်က ရှစ်ယောက်ရှိတယ်။ အားလုံးလူ ၂၀ ရဲ့ထွက်ချက်၊ အဲဒီထွက်ချက်ကို ဥပဒေအရ ဒီလိုပြဌာန်းထားတယ်။ သက်သေတွေက ဒီလိုထွက်တယ်။ ဒီအပေါ်မှာ ရုံးကဆုံးဖြတ်လိမ့်မယ်။” ဟု ပြောသည်။

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ နှစ်ဦးအမှုမှာ တရားလိုပြသက်သေ ၁၂ ဦး၊ တရားခံပြသက်သေ ခြောက်ဦးနှင့် ပြန်ခေါ်သက်သေနှစ်ဦးကို တရားရုံးက စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ (၁၄) ကြိမ်မြောက် ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြသည်။

မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေက “ယနေ့တွင် အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ပြီး အပြီးသတ်အမိန့်ချမှတ်ရန်အတွက် အမှုအား ဩဂုတ်လ ၆ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။” ဟု ပြောသည်။

ယခုအမှုကို သုံးလအတွင်းအပြီးသတ် စစ်ဆေးမယ်လို့ တရားရုံးကပြောဆိုခဲ့ပြီး ယခု ဆေးမှုကြာချိန်က  နှစ်လနီးပါးရှိခဲ့ပြီ ဖြစ်သည်။

တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးသည် ကိုဗစ် ၁၉ ကာလအတွင်းမှာ လူစုလူဝေးလုပ်တယ်ဆိုပြီး မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယခု တရားစွဲဆိုခံထားရသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ သည် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်ထက်မပိုသော ပြစ်ဒဏ်ကို ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly