အမေရိကန်-တရုတ်ဆက်ဆံရေးတင်းမာမှု၏ အဓိကနယ်ပယ်များ

ဇူလိုင် ၂၃

ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကိုပိတ်ရန် အမေရိကန်က တောင်းဆိုလိုက်ခြင်းသည် ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြားဆက်ဆံရေးကို အနိမ့်ဆုံးသို့ရောက်ရှိစေသည့် အငြင်းပွားမှုများ စွာအနက် နောက်ဆုံးတစ်ချက်ဖြစ်သည်။

အောက်ပါတို့သည့် ပေကျင်းနှင့်ဝါရှင်တန်အကြား အငြင်းပွားမှု၏ အဓိကအကြောင်းအရာများဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ပေါ်ပေါက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဟု တရုတ်တို့အား စွပ်စွဲပြောဆိုခဲ့ပြီး ၎င်းဗိုင်းရပ်စ် ကို ‘တရုတ်ဗိုင်းရပ်စ်’ ဟု အမြဲလိုလို ရည်ညွှန်းပြောဆိုခဲ့သည်။

တရုတ်အာဏာပိုင်များသည် ကမ္ဘာတစ်ဝန်းလူထောင်ပေါင်းများစွာသေဆုံးစေခဲ့သော ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့  အစီရင်ခံခြင်းဆိုင်ရာတာဝန်ဝတ္တရားများကို လျစ်လျူရှုခဲ့ပြီး ကုလသမဂ္ဂအေဂျင်စီအား ကမ္ဘာကြီးကိုလှည့်စားရန် ဖိအားပေးခဲ့သည်ဟု ထရမ့်က ဆိုသည်။

တရုတ်နိုင်ငံက ကူးစက်ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိကြောင်းနှင့် ဗိုင်းရပ်စ်အကြောင်း တရုတ်၏ မမှန်မကန်သတင်းပေးမှုများကို မြင့်တက်စေသည်ဟူသော ထရမ့်၏စွပ်စွဲချက်မျာကိုလည်း WHO က ငြင်းဆိုထားသည်။ အမေရိကန်သည် WHO ၏ ကပ်ရောဂါကိုင်တွယ်ပုံအပေါ် ကျေနပ်မှုမရှိ၍ ၂၀၂၁ ခုနှစ် နှစ်လယ်၌ ထိုအဖွဲ့မှနုတ်ထွက်ရန် စီစဉ်ထားသည်။

ကုန်သွယ်ရေး

တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများအပေါ် တင်းကြပ်သောတောင်းဆိုမှုများကြောင့် တရုတ်အားဖိအားပေးရန် ကြီးမားသောအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်အစိုးရသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန်အခတိုးမြှင့်ကောက်ခံခြင်းများ စတင်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေခဲ့သော အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှု တစ်နှစ်ကျော်ကြာပြီးနောက်  နှစ်နိုင်ငံသည်  ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကာ အချို့အခွန်အခများကို ပြန်ရုပ်သိမ်းခဲ့သော်လည်း အဓိကပြဿနာရပ်များကို မဖြေရှင်းနိုင်ခဲ့ကြပေ။ နှစ်နှစ်ကျော်အတွင်း ဒေါ်လာဘီလီယံပေါင်း ၂၀၀  အထိ အမေရိကန်ကုန်ပစ္စည်းများတင်သွင်းမှုကို တိုးမြှင့်သွားမည်ဟု တရုတ်က ကတိကဝတ်ပြုခဲ့သည်။

အမေရိကန်ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးဌာနသည် တရုတ်နိုင်ငံအတွင်းမှ အမေရိကန်ကုမ္ပဏီများ ရွှေ့ပြောင်းကြရန် တွန်းအားပေးလျက်ရှိသည်။

တောင်တရုတ်ပင်လယ်

တရုတ်တို့ ရေကြောင်းအင်ပါယာ တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ထင်ရသော တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ အမေရိကန်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ၎င်းတို့၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ တောင်တရုတ်ပင်လယ်ရေပိုင်နက် ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်တို့ တောင်းဆိုထားမှုအား ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က ငြင်းပယ်ထားကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ဇူလိုင် ၁၃ ရက်ထုတ်ပြန်ချက်၌ တရုတ်၏ တောင်းဆိုမှုများသည် တရားမဝင်ဘဲ အနိုင်ကျင့်ခြင်းလှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန်တို့က ပထမဆုံးအနေဖြင့် ပြောဆိုလိုက်သည်။

ဟောင်ကောင်

ယခင် ဗြိတိန်၏ကိုလိုနီဖြစ်ခဲ့သော ဟောင်ကောင်အား တရုတ်က အမျိုးသားလုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသောဆန္ဒပြပွဲများအပေါ် အမေရိကန်နှင့် တရုတ်တို့ ပဋိပက္ခဖြစ်ခဲ့ကြသည်။

ထရမ့်က  ဟောင်ကောင်အတွက် စီးပွားရေးဆိုင်ရာ ဦးစားပေးအခွင့်အရေးကို အဆုံးသတ်ရန် ယခုလတွင် လက်မှတ်ထိုးခဲ့ပြီး ဥပဒေပြဋ္ဌာန်းမှုနှင့်ပတ်သက်သော တရုတ်အာဏာပိုင်များနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများကို အရေးယူးပိတ်ဆို့မှုနှင့် ဗီဇာကန့်သတ်မှုများပြုလုပ်ခဲ့သည်။ တရုတ်ကလည်း လက်တုံ့ပြန်အရေးယူများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ဝီဂါမျိုးနွယ်အရေး

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသရှိ လူနည်းစုမွတ်စလင် ဝီဂါလူမျိုးများအပေါ် တရုတ်တို့၏ပြုမူဆက်ဆံမှုများနှင့်စပ်လျဉ်း၍ လူအခွင့်အရေးချိုးဖောက်မှုများရှိသဖြင့် တရုတ်အာဏာပိုင်များ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအပေါ် အမေရိကန်က အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ဂျာနယ်လစ်များနှင့်တရုတ်ကျောင်းသားများ

အမေရိကန်သည် တရုတ်နိုင်ငံပိုင်မီဒီယာများကို နိုင်ငံခြားသံရုံးများကဲ့သို သဘောထားခဲ့ပြီး အမေရိကန်ရုံးခွဲများရှိ တရုတ်မီဒီယာများမှ ဂျာနယ်လစ်ပေါင်း ၁၀၀ မှ ၁၆၀ အထိ လျှော့ချခဲ့သည်။

တုံ့ပြန်မှုအနေဖြင့် တရုတ်သည် အမေရိကန်၏ အဓိကမီဒီယာကြီးများမှ သတင်းထောက်ဒါဇင်ခန့်ကို ပြည်နှင်ဒဏ်ပေးခဲ့ကာ တရုတ်နိုင်ငံအတွင်းရှိ အမေရိကန်မီဒီယာလေးခုအား လုပ်ငန်းဆောင်တာများ အသးစိတ်တင်ပြရန် တောင်းဆိုခဲ့သည်။

မေလ၌ အမေရိကန်သည် တရုတ်စစ်တပ်နှင့်ဆက်စပ်မှုရှိသည်ဟု ယူဆရသော တရုတ်ဘွဲ့လွန်ကျောင်းသားများအား ဗီဇာကန့်သတ်ခြင်းစည်းမျဉ်းသစ်များကို ချမှတ်ခဲ့သည်။

ဟွာဝေး

အမေရိကန်၏ အီရန်အပေါ် အရေးယူပိတ်ဆို့မှုများအား ဟွာဝေးက ဖောက်ဖျက်နေပြီး ဖောက်သည်များအား သူလျှိုလုပ်သည်ဆိုသော အမေရိကန်၏စွပ်စွဲချက်ကို ဟွာဝေးက ငြင်းဆိုခဲ့သည်။ အမေရိကန်ကုမ္ပဏီများသည် ဟွာဝေးကဲ့သို့နည်းပညာမျိုး မပေးစွမ်းနိုင်သည့်အတွက် ကဖျက်ယဖျက်လုပ်နေချင်ကြောင်း ဟွာဝေးက ပြောဆိုခဲ့သည်။ ဟွာဝေးပစ္စည်းများကို အသုံးမပြုရန်လည်း ကမ္ဘာ့နိုင်ငံများအား အမေရိကန်က တွန်းအားပေးလျက်ရှိသည်။

မြောက်ကိုရီးယား

တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံစလုံးသည် မြောက်ကိုရီးယားအား နျူကလီးယားလက်နက်စွန့်လွှတ်စေချင်သည့်ရည်ရွယ်ချက်ချင်းတူသော်လည်း အဆိုပါနိုင်ငံနှင့်ပတ်သက်ပြီး ကတောက်ကဆတ်ဖြစ်နေကြသည်။ မြောက်ကိုရီးယားအပေါ်ချမှတ်ထားသော ကုလသမဂ္ဂ၏ဆန်ရှင်များကို တရုတ်က ချိုးဖောက်နေသည်ဟု အမေရိကန်က စွပ်စွဲထားသည်။ တရုတ်က ဆန်ရှင်အချို့ကို ရုပ်သိမ်းပေးချင်နေသော်လည်း အမေရိကန်က သဘောမတူပေ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်ထရမ့်တို့သည် သုံးကြိမ်တွေ့ဆုံထားသော်လည်း ပြုံယမ်းအနေဖြင့် နျူကလီးယားစွန့်လွှတ်ရန် အမေရိကန်၏တောင်းဆိုချက်နှင့် အရေးယူပိတ်ဆို့မှုများအဆုံးသတ်ရန် မြောက်ကိုရီးယား၏တောင်းဆိုချက်များနှင့်ပတ်သက်ပြီး တိုးတက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly