မျှတမှုမရှိတဲ့ အခြေအနေတွေကြောင့် ၂၀၂၀ ဘလွန်းဒီအော်ဆု ချီးမြှင့်မည် မဟုတ်

မျှတမှုမရှိတဲ့ အခြေအနေတွေကြောင့် ၂၀၂၀ ဘလွန်းဒီအော်ဆု ချီးမြှင့်မည် မဟုတ်

ပြင်သစ်ဘောလုံးမဂ္ဂဇင်း (France Football) က နှစ်စဉ်ချီးမြှင့်နေတဲ့ ဘလွန်းဒီအောဆု (Ballon d’Or)ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့်ဖြစ်ပေါ်လာတဲ့ မျှတမှုမရှိတဲ့ အခြေအနေတွေကြောင့် ဒီနှစ်ရဲ့ ဆုကို ပေးအပ်ချီးမြှင့်မှာမဟုတ်ဘဲ ဖျက်သိမ်းလိုက်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ၁၉၆၅ ခုနှစ်ကတည်းကစပြီး Ballon d’Or ဆုကို ပေးအပ်ချီးမြှင့်လာခဲ့တာဖြစ်ပြီး ဆုပေးအပ်တဲ့ သမိုင်းတစ်လျှာက် ပထမဆုံးအကြိမ်အနေနဲ့ ဒီရာသီအတွက် အကောင်းဆုံးဆုတွေကို ပေးအပ်မှမဟုတ်ဘူးလို့ ဆိုပါတယ်။

အခုလိုထုတ်ပြန်ကြေညာချက်ဟာ ဒီဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးအတွက် ခါးသီးတဲ့ ထိုးနှက်ချက်ဖြစ်ပြီး လုယက်ခံခဲ့ရတာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

ဒါဟာ အသက် ၃၁ နှစ်အရွယ်ရှိ ပိုလန်တိုက်စစ်မှူးအတွက် ပထမဆုံးအကြိမ် ဆွတ်ခူးလာနိုင်ဖွယ်ရှိတဲ့ ဆုဖြစ်ပါတယ်။

သူဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်အတွက် ၄၉ ပွဲမှာ ၅၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့ ဖလား နှစ်လုံး ရယူနိုင်တဲ့အပြင် ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆုနဲ့ အကောင်းဆုံးကစားသမားဆုတွေကို ရရှိခဲ့ပြီး ဥရောပဂိုးသွင်းဘုရင်ဆုကို ရရှိဖို့လည်း အလားအလာကောင်းနေပါတယ်။

"ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကြောင့်ပါ။ မျှတမှုမရှိတဲ့ အခြေအနေတွေကြောင့် ၁၉၅၆ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ Ballon d’Or ဆုကို သူ့ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်မှာ ပေးအပ်မဟုတ်ပါဘူး။"လို့ ပြင်သစ်မဂ္ဂဇင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဆုကို အများဆုံးရယူနိုင်ခဲ့သူက မက်ဆီ (၆)ကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာလည်း မက်ဆီက ဆွတ်ခူးထားပေမယ့် ပြိုင်ဘက် စီရော်နယ်လ်ဒိုကလည်း (၅)ကြိမ် သိမ်းပိုက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly