တွစ်တာသုံးသူများအကြားနောက်ပြောင်စရာဖြစ်ခဲ့သည့် မာ့ခ်ဇူကာဘက်ဓာတ်ပုံ

တွစ်တာသုံးသူများအကြားနောက်ပြောင်စရာဖြစ်ခဲ့သည့် မာ့ခ်ဇူကာဘက်ဓာတ်ပုံ

ဇူလိုင် ၂၁

ဖေ့ဘွတ်ခ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော မာ့ခ်ဇူကာဘက်သည် အင်တာနက်ပရိသတ်များ၏အာရုံကို တစ်ကျော့ပြန်ဖမ်းစားခဲ့ပြန်သည်။ သို့သော် ကွန်ဂရက်၌ သက်သေခံထွက်ဆိုခြင်း၊ အမုန်းစကားမူဝါဒများအတွက် ကြော်ငြာရှင်များ၏ သပိတ်မှောက်ခံရခြင်းကြောင့်မဟုတ်ဘဲ ယခုအခါ ရေလွှာလှိုင်းစီးရင်း နေပူခံခရင်မ် (sunscreen) ကို အလွန်အကျွံလိမ်းထားခြင်းကြောင့်ဖြစ်သည်။

ဇူကာဘက်သည် နေပူခံခရင်မ်များကိုလိမ်းပြီး ဟာဝိုင်အီတွင် ရေလွှာလှိုင်းစီးနေသည့် ဓာတ်ပုံသည် တနင်္ဂနွေနေ့က အွန်လိုင်းတွင်ပေါ်လာပြီးနောက် တွစ်တာအသုံးပြုသူများအကြား ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

ခေါင်းစွပ်အင်္ကျီဝတ်ဆင်ပြီး နေပူခံခရင်မ်အမြောက်အများလိမ်းထားသော ဇူကာဘက်သည် ကျွမ်းကျင်လှိုင်းစီးသမားတစ်ယောက်ဖြစ်သည့် Kai Lenny နှင့်အတူ ကမ်းခြေ၌ လှိုင်းစီးခဲ့သည်ကို New York Post သတင်းစာ၌ ဖော်ပြခဲ့သည်။

နေရောင်ဒဏ်ကိုကာကွယ်ခြင်းသည် ရယ်စရာမဟုတ်သော်လည်း ဆိုရှယ်မီဒီယာသုံးသူများက ဘီလျံနာသူဋ္ဌေးတစ်ယောက်၏ ရေလွှာလှိုင်းစီးပုံကို နောက်ပြောင်ခဲ့ကြသည်။ Zukerberg ၏ ပုံကို Spirited Away ဇာတ်ကားမှ ဝိဉာဉ်ကောင်၊ Batman မှ ဂျိုကာ၊ Star Trek: The Next Generation မှ Data စသည့် ဖြူဖတ်ဖြူရော်မျက်နှာဇာတ်ကောင်များနှင့် နှိုင်းယှဉ်ကာ လှောင်ပြောင်ခဲ့ကြသည်။ တွစ်တာအသုံးပြုသူတစ်ဦးက "ဇူကာဘက်က Data ဇာတ်ကောင်ကိုကြိုက်တာသိပါတယ်။ ဒါမပေယ့် ဒီလောက်သဘောကျမယ်မှန်းမသိခဲ့ဘူး" ဟု နောက်ပြောင်ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly