မိမိလောက် မျိုးချစ်စိတ်ထက်သန်သူမရှိ ဟု ထရမ့်ပြော

မိမိလောက် မျိုးချစ်စိတ်ထက်သန်သူမရှိ ဟု ထရမ့်ပြော

ဇူလိုင် ၂၁

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အများပြည်သူကြား နှာခေါင်းစည်းတပ်ဆင်ရန် လပေါင်းများစွာငြင်းဆန်ပြီးနောက် တနင်္လာနေ့က နှာခေါင်းစည်းတပ်ဆင်ထားသော ၎င်းဓာတ်ပုံကို တွစ်တာ၌ တင်ခဲ့ကာ ‘မိမိလောက် မျိုးချစ်စိတ်ထက်သန်သူမရှိ’ ဟု ပြောဆိုခဲ့သည်။

“မမြင်နိုင်တဲ့ တရုတ် ဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ ကျွန်တော်တို့ လုံ့လစိုက်ထုတ်ပြီး စည်းလုံးခဲ့ကြတယ်။ လူမှုအကွာဝေးကို မလိုက်နာနိုင်ရင် နှာခေါင်းစည်းတပ်တာဟာ  မျိုးချစ်စိတ်ရှိတာပဲ လို့ လူတွေက ပြောကြတယ်။ ခင်ဗျားတို့ ရဲ့ အသည်းကျော် သမ္မတကြီးဖြစ်တဲ့ ကျွန်တော့်လောက်  ဘယ်သူမှ မျိုးချစ်စိတ် မထက်သန်ပါဘူး” ဟု ထရမ့်က တွစ်တာ၌ရေးခဲ့သည်။

ထရမ့်သည် ဇူလိုင် ၁၁ ရက်က Walter Reed စစ်ဆေးရုံသို့သွားစဉ် ပထမဆုံးအကြိမ် နှာခေါင်းစည်း တပ်ဆင်ခဲ့သည်ကို မြင်တွေ့ခဲ့ကြရသည်။

အစက နှာခေါင်းစည်းမတပ်ဆင်ခဲ့မှုကို နောင်တရခြင်း ရှိ/မရှိနှင့် နိုင်ငံ့စည်းကမ်းကို ထည့်သွင်းစဉ်းစားမည်လားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ထရမ့်က ပြည်သူများအနေဖြင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်ဟု အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

လူတိုင်း နှာခေါင်းစည်းကို သီတင်းပတ် လေးပတ်မှ ခြောက်ပတ်အထိ တပ်ဆင်ပါက ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည် ဆိုသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ လမ်းညွှန်ချက်များကို မထောက်ခံ ဟု ထရမ့်က ပြောသည်။ “ကူးစက်ရောဂါပညာရှင် Dr. Fauci က နှာခေါင်းစည်း မတပ်ခိုင်းပါဘူး။ ဆေးမှူးချုပ်ကြီးကလည်း နှာခေါင်းစည်းမတပ်ခိုင်းပါဘူး” ဟု ထရမ့်ကပြောသည်။

တနင်္လာနေ့အထိ စာရင်းအရ အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃.၈ သန်းကျော်နှင့် သေဆုံးသူ ၁၄၁ ၀၀၀ နီးပါးရှိကြောင်း ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်၏ ကိန်းဂဏန်းများအရသိရသည်။

ပြီးခဲ့သည်လများ၌ ရောဂါကူးစက်သူအရေအတွက်မြင့်တက်ခြင်းမှာ နိုင်ငံ၏ အားကောင်းသော ရောဂါစမ်းသပ်မှုစနစ်ကြောင့်ဖြစ်ကြောင်း ထရမ့်က အခိုင်အမာပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly