လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ထားမှု ဒေါ်စန္ဒာမင်း ပြန်ရုတ်သိမ်း

လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ထားမှု ဒေါ်စန္ဒာမင်း ပြန်ရုတ်သိမ်း
Photo - Sandar Min (Fb)

ဇူလိုင် ၂၀

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ထားမှုကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။

မိခင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူကြီးများ၏ လမ်းညွှန်ချက်အရ ကိုယ်တိုင်ရုတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 “ရုတ်သိမ်းပေးလိုက်ပါလို့ ပြောတဲ့အတွက် ကျွန်မကိုယ်တိုင်ရုတ်သိမ်းလိုက်တာပါ။ ကျွန်မက ဘာပြဿနာမှ မရှိဘူး။ ဘာအကြောင်းအရာမှ မရှိပါဘူး။ လွန်ခဲ့တဲ့ လေးငါးရက်တည်းက ကျွန်မရုတ်သိမ်းထားတာပါ။ ကျွန်မ မပြိုင်တော့ဘူးဆိုပြီးတော့။ တစ်ခြားအကြောင်းအရာမရှိပါဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့သော်လည်း မိမိပါတီအောင်နိုင်ရေး၊ မိမိမြို့နယ်အောင်နိုင်ရေးအတွက်လည်း ပါတီအပေါ် သစ္စာရှိစွာ အစွမ်းကုန်ကြိုးစားသွားမည်ဟု လည်း ဒေါ်စန္ဒာမင်းက ပြောသည်။

“ဒီလိုဆောင်ရွက်ရာမှာ စိန်ခေါ်မှုတော့ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီမြို့နယ်တစ်မြို့နယ်လုံးမှာ ကျွန်မရဲ့ ဆောင်ရွက်ချက်တွေ ရှိထားပြီးသားပါ။ ကျွန်မတစ်ယောက်တည်းရဲ့ ဆောင်ရွက်ချက်မဟုတ်ဘူးပေါ့။ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ စုပေါင်းဆောင်ရွက်ချက်က ရှိထားပြီးသား။ ဒါပေမယ့် မြို့နယ်လူထုဆိုတာကတော့ လူပုဂ္ဂိုလ်အစွဲလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကျွန်မအစား ဝင်ပြိုင်မယ့်သူတွေကလည်း မြို့နယ် ဒေသခံတွေဖြစ်ဖို့ များပါတယ်။ ဒီလူတွေကလည်း ကျွန်မတို့နဲ့ ငါးနှစ်တာ အတူလက်တွဲဆောင်ရွက်ခဲ့တဲ့ ပါတီဝင်တွေ ဖြစ်တဲ့အတွက် ကျွန်မလိုပဲ ယုံကြည်မှုရနိုင်ပါတယ်” ဟု ပြောသည်။

ပါတီမှ တာဝန်တစ်စုံတစ်ရာပေးအပ်လာပါကလည်း မည့်သည့်နေရာဖြစ်စေ ဆောင်ရွက်သွားရန်အသင့်ရှိသည့်အကြောင်း ၎င်းက ဆက်ပြောသည်။

 “ရွေးကောက်ပွဲဝင်ပြိုင်ရမှ နိုင်ငံရေးလုပ်ရတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်မပြိုင်ရဘဲနဲ့ မည်သည့်နေရာကပဲ ပါတီက တာဝန်ပေးပေး ကျွန်မဆောင်ရွက်ဖို့ အသင့်ပါပဲ။ နိုင်ငံရေးဆိုတာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ မဟုတ်ပါဘူး။ နိုင်ငံတာဝန်ကို မည်သည့်နေရာ၊ မည်သည့် ထောင့်က ဖြစ်ဖြစ် ထမ်းဆောင်နေရရင် ဒါဟာ နိုင်ငံရေးပါပဲ။ ကျွန်မဟာ နိုင်ငံရေးလောကထဲမှာ ဆက်ရှိနေဦးမယ်” ဟု ပြောသည်။

ဒေါ်စန္ဒာမင်းသည် လက်ရှိရန်ကုန်တိုင်းလွှတ်တော်တွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရ၏ စီမံကိန်းများနှင့်ပတ်သက်ပြီး လိုအပ်ချက်များကို ဝေဖန်ထောက်ပြလေ့ရှိသည်။ အထူးသဖြင့် ရန်ကုန်တိုင်းအစိုးရ၏ ငွေကြေးဘတ်ဂျက်တောင်းခံရာတွင် စည်းမျဉ်းစည်းကမ်းဥပဒေနှင့် မညီမှုများကို အချက်အလက်ခိုင်ခိုင်မာမာနှင့် စီစစ်ဖြတ်တောက်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဇဗ္မူသီရိမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်းကောင်း ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required