လူနာအမှတ် ၃၃၉ ဘယ်လိုကူးစက်ခံရသလဲ

ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ လူနာအမှတ် ၃၃၉ သည် COVID-19အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိသကဲ့သို့ လတ်တလောပြည်ပခရီးသွားရာဇဝင်လည်း မရှိသူဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

လူနာအမှတ် ၃၃၉ သည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဝင်ရောက်လာသူတစ်ဦးနှင့်သာ ထိတွေ့မှုရှိခဲ့ပြီး အဆိုပါဘင်္ဂလားဒေ့ရှ်ပြန်သည်လည်း ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်စလုံး၌ COVID-19ပိုးမတွေ့ရှိသူသာဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

“သူက ပြည်ပခရီးသွားဖူးတာတော့ မရှိဘူးဗျ။ ဒါပေမယ့် ပြည်ပခရီးသွားသူကို မော်တော်နဲ့ သွားခေါ်တဲ့ မော်တော်သမားပေါ့နော်။ ဒီပြည်ပကပြန်လာသူကလည်း နှစ်ကြိမ်စစ်တာ နှစ်ကြိမ်စလုံး Negative (ရောဂါမရှိ) အဖြေထွက်နေတယ်။ လူနာအမှတ် ၃၃၉ ကိုလည်း ကျောက်တော်ကို ပြန်ရောက်ကတည်းကတော့ ကွာရန်တင်းလုပ်ထားတာပါ။ ၂၆ ရက်နေ့ရောက်တယ်။ ၂၆ ရက်နေ့ ကွာရန်တင်းလုပ်ထားတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၆ရက်နေ့တွင်အတည်ပြုလူနာဖြစ်လာခဲ့သော လူနာအမှတ် ၃၃၉ COVID-19‌ရောဂါဘယ်လိုကူးစက်ခံရသလဲဆိုသည့်အပေါ်ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ယခုလိုသုံးသပ်သည်။

 “ဒီဘင်္ဂလားဒေ့ရှ်ပြန်က ရောဂါပိုးရှိသူတော့ ဖြစ်နိုင်တာပေါ့နော်။ ပထမဆုံးတွေ့တဲ့အချိန်မှာ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးရှိပြီးကူးစက်နိုင်တဲ့ အနေအထားဖြစ်နိုင်တယ်ပေါ့။ ဆေးပညာအရ စဉ်းစားပြီး ပြောရရင်တော့လေ။ နောက် အဲ့ဒီလူက ရောဂါပိုးကင်းစင်တဲ့အချိန်မှ ကိုယ်က စစ်မိတော့လေ နှစ်ခါလုံးမတွေ့ဘူးပေါ့။ ဒါပေမယ့် တွေ့တဲ့ လမ်းကြောင်းက တရားမဝင်ဝင်လာတဲ့သူနဲ့ ထိတွေ့မှုရှိတယ်ဆိုတာကတော့ ခိုင်မာမှုရှိတယ်လေ” ဟု ဆိုသည်။

အသက် ၂၇ နှစ်အရွယ် လူနာအမှတ် ၃၃၉ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာသူတစ်ဦးကို အဖော်တစ်ဦးနှင့်အတူ လှေဖြင့်သွားရောက်ခေါ်ဆောင်ခဲ့သူဖြစ်ပြီး ၎င်းတို့ သုံးဦးစလုံးကို အသွားအလာကန့်သတ်ပြီး ပထမအကြိမ်စစ်ဆေးရာ၌ အားလုံးတွင် ရောဂါမရှိကြောင်းအဖြေထွက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်စစ်ဆေးရာ၌ လူနာအမှတ် ၃၃၉ တွင်သာ ကိုဗစ်ပိုးရှိကြောင်း အဖြေထွက်လာပြီး ဘင်္ဂလားဒေ့ရှ်ပြန်တွင် နှစ်ကြိမ်မြောက် ရောဂါပိုးမရှိကြောင်း အဖြေထွက်ခဲ့သည်။

လှေဖြင့်သွားရောက်ခေါ်ဆောင်ရာတွင် အဖော်အဖြစ်လိုက်ပါသူမှာ ဒုတိယအကြိမ်ထပ်မံဓာတ်ခွဲနမူနာယူရာတွင် ထွက်ပြေးသွားသည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြထားပြီး ၎င်းကို ရှာဖွေနေဆဲဖြစ်ကြောင်းလည်း ကျောက်တော်မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းဦးထံမှ သိရသည်။

ဇူလိုင် ၁၇ ရက် မနက်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၃၃၉ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့သည်။ ရောဂါပိုးကင်းစင်လာသူ ၂၇ဝ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၂၅၃ ဦးရှိပြီလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly