ဂျပန်က နှစ်ပေါင်း ၇၅ နှစ်အတွင်း ပထမဆုံးအကြိမ်  လေယာဉ်တင်သင်္ဘောသုံးရန် စတင်အဆင့်မြှင့်

By Business Insider
17 July 2020
ဂျပန်က နှစ်ပေါင်း ၇၅ နှစ်အတွင်း ပထမဆုံးအကြိမ်  လေယာဉ်တင်သင်္ဘောသုံးရန် စတင်အဆင့်မြှင့်

ဇူလိုင် ၁၇

ဂျပန်နိုင်ငံ ယိုကိုဟားမားရှိ Japan Maritime United Isogo သင်္ဘောကျင်းတွင် JS Izumo DDH-183 ရဟတ်ယာဉ်တင် ဖျက်သင်္ဘောကို လေယာဉ်တင်သင်္ဘောအဖြစ်ပြောင်းလဲသည့် လုပ်ငန်းစဉ် စတင်နေပြီဖြစ်သည်။ 

လက်ရှိတွင် Izumo အမျိုးအစား ရဟတ်ယာဉ်တင်ဖျက်သင်္ဘောသည် ၎င်း၏ရေယာဉ်ကုန်းပတ်တွင် တောင်ပံအသေတပ်လေယာဉ် (fixed-wing aircraft) များ အတက်အဆင်း မပြုလုပ်နိုင်သေးချေ။ ငါးနှစ်တစ်ကြိမ်ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်များနှင့်အတူ ပြောင်းလဲမှု အဓိကအဆင့်နှစ်ဆင့်အနက် ပထမအကြိမ်အဖြစ် Izumo သည် ဂျပန်၏ F-35B Lightning II အပေါ့စားတိုက်လေယာဉ်များကို အတက်အဆင်းပြုလုပ်နိုင်ရန် အဆင့်မြှင့်တင်မည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာလက်နက်ချပြီးနောက် ဂျပန်ဘုရင့်ရေတပ်တွင်  လေယာဉ်တင် သင်္ဘောသုံးစီးသာကျန်ရှိသည်။ Hōshō လေယာဉ်တင်သင်္ဘောသည် လေ့ကျင့်ရေးသင်္ဘောအဖြစ် ကျန်ရှိခဲ့ပြီး Junyō က ဖိလစ်ပိုင်ပင်လယ်တိုက်ပွဲ၌ ပျက်စီးခဲ့ကာ ပြုပြင်ရန်အတွက် စောင့်ဆိုင်းလျက်ရှိသည်။ Katsuragi လေယာဉ်တင်သင်္ဘောသည် ၁၉၄၄ ခုနှစ်၌ တည်ဆောက်ပြီးချိန်တွင် လောင်စာ၊ လေယာဉ်နှင့် ဝန်ထမ်းများ အလုံအလောက် မဖြည့်ဆည်းနိုင်ခဲ့ပေ။ 

၁၉၄၇ ခုနှစ်တွင် အဆိုပါလေယာဉ်တင်သင်္ဘောသုံးစီးနှင့် အပြီးမသတ်နိုင်ခဲ့သည့် တခြား လေယာဉ်တင်သင်္ဘာများကို ဖျက်သိမ်းခဲ့ပြီး ယင်းအချိန်မတိုင်ခင်အထိ Hōshō and Katsuragi လေယာဉ်တင်သင်္ဘောများက ဂျပန်စစ်သားများကို နိုင်ငံအရောက်ပြန်ပို့ခဲ့သည်။

၁၉၄၇ ခုနှစ် စစ်ပြီးခေတ် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၉ အရ နိုင်ငံတကာအငြင်းပွားမှုများကို ဖြေရှင်းရန် ရည်ရွယ်ပြီး စစ်ပွဲသည် နိုင်ငံ၏အချုပ်အခြာပိုင်ခွင့်နှင့်ခြိမ်းခြောက်မှု သို့မဟုတ် အင်အားအသုံးပြုမှု ဖြစ်သည်ဟုဆိုကာ စစ်ကို စွန့်လွှတ်ခဲ့ကြသည်။ ထို့ကြောင့် ဂျပန်ရေတပ်ကို အင်အားဖြန့်ကြက်ရန် တပ်ဌာနခွဲတစ်ခုအဖြစ် မဖွဲ့စည်းခဲ့ပေ။

ထိုအစား ဂျပန်သည် ၁၉၅၄ ခုနှစ်တွင်  ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ခွဲအဖြစ် ဂျပန်ရေကြောင်းကိုယ်ပိုင် ကာကွယ်ရေးတပ် (JMSDF) ကို ဖွဲ့စည်းခဲ့သည်။ JMSDF ကို  ဂျပန်ကျွန်းများအား ကာကွယ်ရန် တာဝန်ပေးခဲ့သော်လည်း စစ်အေးကာလအတွင်း အနောက်နိုင်ငံများနှင့် ပူးပေါင်းမိပြီး ဆိုဗီယက်ရေတပ်အား ချေမှုန်းရန် ရေငုပ်သင်္ဘောတိုက်ဖျက်မှုစစ်ဆင်ရေးဘက်ကို ဦးတည်သွားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဂျပန်သည် Hyūg အမျိုးအစား ရဟတ်ယာဉ်တင်ဖျက်သင်္ဘောနှစ်စီးကို စတင်ထုတ်လုပ်ခဲ့သည်။ အပေါ်၌ ရဟတ်ယာဉ်ဆင်းနိုင်သော ကုန်းပတ်ပါသည့် Hyūgas ဖျက်သင်္ဘောသည် ဒုတိယကမ္ဘာစစ်ပြီး ကတည်းက ဂျပန်၏ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည်။  သို့သော် ၎င်းကုန်းပတ်များသည် ရဟတ်ယာဉ်များသာ ဆင်းနိုင်ပြီး ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် လေယာဉ်များပင် ဆင်းနိုင်အောင် မလုပ်နိုင်ခဲ့ပေ။ အယူဝါဒအားဖြင့် Hyūgas သင်္ဘောများသည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်မှုအတွက် စစ်သင်္ဘောအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်မှစ၍ Hyūgas အစား Izumo အမျိုးအစား စစ်သင်္ဘောကိုအသုံးပြုခဲ့ပြီး Izumo နှင့် Kaga DDH-184 နှစ်စီးသည် JMSDF အတွက် အကြီးမားဆုံး ရေပြင်တိုက်ခိုက်ရေးသမားများ ဖြစ်လာကြသည်။ Izumo သည် Hyūgas ကဲ့သို့ပင် ရဟတ်ယာဉ်တင်ဖျက်သင်္ဘောဖြစ်ပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်မှု တာဝန်များထမ်းဆောင်ခဲ့သည်။ သို့သော် ဒီဇင်ဘာ ၂၀၁၈ တွင် ဂျပန်အစိုးရက ကာကွယ်ရေးစည်းမျဉ်းသစ်များနှင့်အညီ  Izumo ကို တောင်ပံအသေတပ်တိုက်လေယာဉ် (fixed-wing aircraft) များ တင်ဆောင်နိုင်မည့် စစ်သင်္ဘောအဖြစ်ပြောင်းရန် ကြေညာခဲ့သည်။ တရုတ်က တောင်တရုတ်ပင်လယ်အတွင်း ကျူးကျော်မှု တိုးမြှင့်လာခြင်းနှင့် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော ရှန်ဒေါင်း တည်ဆောက်ပြီးစီးမှုကို တုံ့ပြန်သောအားဖြင့်  ဂျပန်သည် ညီညွတ်ပြီးပြုလွယ်ပြင်လွယ်ရှိေသာ ဘက်စုံသုံးတပ်ဖွဲ့ လိုအပ်သည့်အတွက် ကာကွယ်ရေးမူဝါဒကို ပြန်လည်ဆန်းသစ်ခဲ့သည်။

Izumo ကို ပြုပြင်ရာတွင် နေရာပိုပိုကျယ်ဝန်းစေရန်အတွက် ရေယာဉ်ကုန်းပတ်ကို ရှင်းလင်းခြင်း၊ လေယာဉ်အချက်ပြမီးနှင့် F-35B တိုက်လေယာဉ်များ ဒေါင်လိုက်ဆင်းသက်နိုင်ရန် အပူဒဏ်ခံကုန်းပတ်များ တပ်ဆင်ခြင်း စသည်တို့အတွက် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၈ သန်းကုန်ကျမည်ဖြစ်သည်။  ရေယာဉ်ကုန်းပတ်ပေါ်ရှိ ဆင်ခြေလျှော ski-jump ပြေးလမ်း၊ တစောင်းပြေးလမ်းနှင့် လေယာဉ်ပင့်တင်ကိရိယာနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။

အားလုံးပြီးစီးသည့်အခါ ပြုပြင်မွမ်းမံမှုပထမအဆင့်ကို ပင်လယ်တွင်း လေ့ကျင့်မှုအပါအဝင် စမ်းသပ်မှုများစွာ လုပ်ဆောင်ပြီး အကဲဖြတ်မည်ဖြစ်သည်။ ပြုပြင်မွမ်းမံမှုအဆင့်နှစ်ကို လာမည့်ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ် နောက်ထပ်ပြုပြင်ထိန်းသိမ်းမှုလုပ်ချိန်တွင် လုပ်ဆောင်မည်ဟု မျှော်မှန်းထားသည်။ Kaga ရဟတ်ယာဉ်တင် သင်္ဘောကိုလည်း လေယာဉ်တင်သင်္ဘောအဖြစ်ပြောင်းလဲဦးမည်ဖြစ်ကာ မည့်သည့်အချိန်အကောင်အထည် ဖော်မည်ကို မသိရသေးပေ။

Izumo  နှင့် Kaga  တို့ကို လေယာဉ်တင်သင်္ဘာများအဖြစ်ပြောင်းလိုက်ခြင်းဖြင့် မဟာမိတ်များနှင့် အပြန်အလှန် ဆက်သွယ်နိုင်မှုစွမ်းရည် တိုးတက်လာမည်ဖြစ်သည်။ လေယာဉ်တင်သင်္ဘောများဖြစ်သည့်အတွက် ဂျပန် F-35B တိုက်လေယာဉ်များသာမက အမေရိကန် F-35B တိုက်လေယာဉ်နှင့် V-22 Osprey လေယာဉ်များပါ ဆင်းသက်နိုင်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်က အမေရိကန်ရေတပ်မှ ဗိုလ်ချုပ်ကြီး Robert Neller နှင့် တွေ့ဆုံစဉ် ဂျပန်အစိုးရက လေယာဉ်တင်သင်္ဘောများပေါ်၌ F-35B တိုက်လေယာဉ်များ အကောင်းဆုံးလုပ်ဆောင်နိုင်ရေး အကြံဉာဏ်များ တောင်းဆိုခဲ့ပြီး Neller မှ တတ်နိုင်သလောက်ကူညီသွားမည်ဟု ပြောခဲ့သည်။

“Izumo အမျိုးအစားလေယာဉ်တင်သင်္ဘောရဲ့ တာဝန်က ပစိဖိတ်သမုဒ္ဒရာအတွင်း လေကြောင်းကာကွယ်ရေး ခိုင်မာတောင့်တင်းဖို့နဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲရဲ့ လေယာဉ်မှူးတွေ ဘေးကင်းလုံခြုံဖို့ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ အမေရိကန်လေယာဉ်အတွက် ပြေးလမ်းလုပ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး တာကဲရှီအီဝါယာက ပြောသည်။

ဂျပန်အစိုးရသည် ရဟတ်ယာဉ်တင်ဖျက်သင်္ဘောများကို လေယာဉ်တင်သင်္ဘောများအဖြစ်ပြောင်းလဲခြင်း နှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ၏ အတိုက်အခံအချို့ကို ကြုံတွေ့ခဲ့ရသည်။ စွမ်းဆောင်ရည်အသစ်များသည် အနာဂတ် ဂျပန့်တပ်မတော် တိုးချဲ့ခြင်းနှင့် ကျူးကျော်မှုများအတွက် အထောက်အကူတစ်ခုဖြစ်လာမည်ကို အချို့က စိုးရိမ်နေကြသည်။

သို့သော် ဂျပန်ရေကြောင်းကိုယ်ပိုင် ကာကွယ်ရေးတပ် (JMSDF) သည် တရုတ်၊ ရုရှားနှင့်အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်၌ စတုတ္ထမြောက်အကြီးဆုံးရေတပ်ဖြစ်သည်။ ဂျပန်အစိုးရက  ခေတ်နှင့်အမီ အားထုတ်မှုများ လုပ်နေခြင်းသည် တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုများကို ဆန့်ကျင်လျက် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက်သာဖြစ်သည်ဟု အခိုင်အမာပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly